စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ် အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းတွေကို ဆက်လက် စွန့်ခွာနေကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်လိုက်ပါတယ်။ KNU တပ်မဟာ၅အခြေစိုက်တဲ့ ဖာပွန်ခရိုင်က စခန်းတွေကို စွန့်ခွာသွားတာကြောင့်အခုဆိုရင်ဒီနှစ်ဆန်းကစ စခန်း ၈ ခုထက်မနည်းကို စစ်ကောင်စီတပ်က လက်လွှတ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ ရခိုင်ပြည်နယ်မှာအရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မနက်ပိုင်းကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ် စနဲမြို့ဈေးအတွင်း ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကို တည်ထောင်ခဲ့တာ ဒီနေ့မေလ ၈ ရက်မှာ (၈၈)နှစ်ပြည့်သွားပါပြီ။ ဗကသဟာ စတင်တည်ထောင်ခဲ့တဲ့ အချိန်ကစပြီး စစ်အာဏာရှင်ကို ဆန့်ကျင်၊ တွန်းလှန်ခဲ့တာဖြစ်လို့ လက်ရှိမှာလည်း ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံတိုက်ပွဲကို ဆက်လက်ဆင်နွှဲသွားမယ်လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လူမျိုးစုတွေကြား အကြမ်းဖက်မှုတွေဖြစ်အောင် စနစ်တကျ သွေးထိုးလှုံ့ဆော်နေလို့ အရင်တုန်းကလို လူမျိုးရေး၊ ဘာသာရေးအသုံးချတဲ့ ထောင်ချောက်ထဲမကျဖို့လိုတယ်လို့ နိုင်ငံတကာက မြန်မာ့အရေး စောင့်ကြည့်နေသူတဦးက သတိပေးလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဖွတ်ဖရမြို့နယ်ထဲမှာ အထောက်အထားမဲ့ဝင်လာတဲ့ မြန်မာ ၁၂ ဦးကို တင်ဆောင်လာတဲ့ ပစ်ကပ်ကားတစီးဟာ မေလ ၇ ရက်နေ့မနက်က တိမ်းမှောက်ပြီး လမ်းဘေးကိုထိုးကျသွားခဲ့ရာမှာ ၃ ဦးက ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အွန်လိုင်းဗွီဒီယိုကတဆင့် တွေ့ဆုံခွင့်ပြုဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း Hun Sen က တောင်းဆိုလိုက်ပါတယ်။ တောင်းဆိုချက်ကို စစ်ကောင်စီအကြီးအကဲက စဉ်းစားမယ်လို့လည်း လူမှုကွန်ရက်မှာ ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။
သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေ အပါအဝင် ရခိုင်ပြည်နယ် နေရာတော်တော်များများမှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခဲ့သူတွေ အခုအခါ နေရပ်ပြန်လာကြပေမဲ့ စစ်လက်ကျန် လက်နက်တွေ အန္တရာယ်ကို စိုးရိမ်နေကြပါတယ်။ အာဏာပိုင်တွေက နေရပ်ပြန်ခိုင်းပေမဲ့ လုံခြုံရေးနဲ့ အခြေခံလိုအပ်ချက်တွေ ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ကရင်နီဒေသမှာ မြေမြှုပ်မိုင်း အပါအဝင် စစ်လက်နက် အကြွင်းအကျန်တွေရဲ့ အန္တရာယ်ကြောင့် ထိခိုက်သေဆုံးသူ အများအပြား ရှိနေတယ်လို့ ဒေသခံတွေနဲ့ လက်နက်ကိုင် အင်အားစုတွေက ပြောပါတယ်။ မိုင်းရှင်းလင်းရေးအတွက် နည်းပညာနဲ့ ပစ္စည်းကိရိယာ လိုအပ်ချက်တွေ ရှိနေတာကလည်း စိန်ခေါ်မှုတခု ဖြစ်နေတာပါ။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra က စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အတိုက်အခံအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာဟာ ထိုင်းအစိုးရနဲ့ ပတ်သက်မှုမရှိဘူးလို့ မကြာသေးခင်ကမှ ထိုင်းနိုင်ခြားရေးဝန်ကြီးသစ် ဖြစ်လာတဲ့ Maris Sangiampongsa က ဒီနေ့ပဲ ပြောလိုက်ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေဟာ မံစီ၊ ဗန်းမော်နဲ့ မိုးမောက်မြို့ နယ်ရှိ တပ်စခန်းနဲ့ ရဲစခန်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းနဲ့ တပ်စခန်းနဲ့ ရဲစခန်း ၅ ခုကို သိမ်းယူခဲ့ကြောင်း KIA က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်