သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြား အရပ်သားသေဆုံးမှုတွေတိုး


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြား အရပ်သားထိခိုက်သေဆုံးမှု တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ မိုင်းပေါက်ကွဲမှုတွေ အပါအဝင် ထိခိုက်ဒဏ်ရာရသူတွေ နေ့စဉ်ရက်ဆက်ဆိုသလို ကြုံနေရတာပါ။ ရခိုင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုအောင်အောင် တင်ပြထားပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော်AA ကြား တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ ရခိုင်ပြည်နယ်မှာ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ် စနဲမြို့ဈေးအတွင်း ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“မနက်ဘက်ဈေးမှာလူစည်တဲ့ အချိန်အဲမှာကားဂိတ်အနီးကို တောင်မော်ကြီး ရေတပ်စခန်း က တိုက်ခိုက်ရေးဒရုန်း နှစ်စီးရယ်၊ ပြီးတော့ကင်းထောက်ဒရုန်းတစီးရယ် လာပြီးတော့ပစ် တယ်၊ အဲမှာလဘက်ရည်ဆိုင် ကပိုင်ရှင်တယောက်တော့ ဆုံးသွားတယ်။ နောက်ထိခိုက် ဒဏ်ရာရတာတော့ ငါးယောက်ခြောက်ယောက်လောက်ရှိတယ်။ ”

စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုလို့ ဒေသခံတွေ ယူဆနေပေမဲ့ သီးခြားအတည်ပြုလို့တော့ မရပါဘူး။ စနဲမြို့နယ်မှာ စစ်ကောင်စီရေတပ်စခန်းက လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာတွေ ရဟတ် ယာဉ်တွေ ဒရုန်းတွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“စစ်ရေးအရ စစ်တိုက်တယ်ဆိုရင် တိုက်ကြပေါ့၊ လက်နက်ကိုင် အချင်းချင်းတိုက်တာက နိုင်တဲ့သူနိုင်မယ် ရှုံးတဲ့သူရှုံးမယ်ပေါ့နော် ဒါကတော့ စစ်ရေးအရပေါ့ အခုက ပြည်သူတွေက ဒုက္ခရောက်နေတဲ့အချိန်မှာ သူတို့တမင်တကာ ရည်ရွယ်ပြီးတော့ ပထမကတော့ အသံနဲ့ ခြောက်လန့်တယ် အခုပြည်သူတွေကို ဦးတည်ပြီးတော့ အဲလိုကျတော့ ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ်ဘယ်လိုပြောရမလဲ ဒါသူတို့ ယုတ်မာတာ တမင်သက်သက် ပြည်သူတွေကို ဒုက္ခရောက်စေချင်လို့ လုပ်တာလို့ မြင်တယ်။”

လက်ရှိမှာတော့ ရခိုင်တောင်ပိုင်းက သံတွဲမြို့နယ်တခုတည်းမှာသာ စစ်ကောင်စီနဲ့ AAနှစ်ဘက် အပြန်အလှန် တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားနေတာပါ။ ဒါပေမယ့်လည်း စစ်ကောင်စီဘက် ကတော့ ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ် ကျောက်ဖြူလိုမြို့တွေကို AA တပ်ဖွဲ့တွေ လာရောက် တိုက်ခိုက်နိုင်တာကြောင့် အနီးဝန်းကျင်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထား သလို လက်နက်ကြီးတွေနဲ့လည်း မြို့နီးနားကျေးရွာကို နေ့စဉ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးတင်းမာမှုတွေ ကြီးထွားလာနေချိန်မှာ အရပ်သားတွေ မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှုတွေလည်း တိုးလာနေတယ်လို့ ကျောက်ဖြူဒေသခံတဦးကပြောပါတယ်။

"မြေမြုပ်မိုင်းကတော့ ဒီဘက်မှာ စစ်ကောင်စီက ရွာပေါင်း ၁ဝကျော်လောက်မှာ မိုင်းတွေထောင်းထားတာတွေရှိတယ်။ နောက်ပြီးတော့ ဒေသခံပြည်သူတွေက နေ့စဉ်နဲ့အမျှပေါ့ မြေမြုပ်မိုင်းနှင်းမိပြီးတော့ ခြေပြတ်တာတွေ၊ ဒီနေ့အထိဆိုရင် ၁၂ယောက်လောက်တောင် ထိခိုက်ဒဏ်ရာရတာရှိတယ်။အဓိက မြေမြုပ်မိုင်းနှင်းမိတဲ့ ရွာတွေကတော့ အုန်းတောတို့ မလကျွန်းတို့ ပြိုင်းစေ့ကေတို့ မင်းတက်တောင်တို့ အဲဒီပတ်ဝန်းကျင်က လူတွေကတော့ မကြာခဏ ထိခိုက်ဒဏ်ရာရတာတွေ အသက်သေဆုံးတာတွေရှိတယ်။"

မနေ့ကလည်း ကျောက်ဖြူမြို့အနီး အုန်းတောကျေးရွာက ဒေသခံတဦး ရွာနားက တောင်ပေါ်ကို ဝါးခုတ်သွားရင် မိုင်းနှင်းမိတာကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ မြေမြှုပ်မိုင်းအန္တရာယ်ဟာ အခုအခါ လယ်ယာလုပ်ငန်း အများစုလုပ်ကိုင်ကြတဲ့ ကျောက်ဖြူဒေသခံတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုလည်း ဖြစ်လာနေပါတယ်။

“ သူတို့ မြေမြုပ်မိုင်းတွေနဲ့ မြို့ပတ်ပတ်လည်ကို ဝိုင်းပြီးတော့ ကာထားတာရှိတယ်ဆိုတော့ ဒေသခံပြည်သူတွေရဲ့ သွားလာလှုပ်ရှားရေးတွေ ခက်ခဲတဲ့ အပြင် လုပ်ကိုင်စားသောက်နေတဲ့ နယ်မြေတွေရှိတယ်။ အဲဒီနေရာတွေကို သူတို့တွေသွားလာလှုပ်ရှားလို့ မရတော့ဘူး၊ ဒါကြောင့် သူတို့ စားဝတ်နေရေးကအစ နောက်ပြီးတော့ မိုးရာသီရောက်ရင် လယ်လုပ်တဲ့ သူတွေများတော့ ဒီ ကိုယ့်လယ်မှာကို ပြန်ပြီးတော့ လုပ်ကိုင်စားသောက်နိုင်မယ့် အနေအထားမတွေ့ရဘူး။ ဆိုတော့ ဒီနှစ်သာ အဲဒီပတ်ဝန်းကျင်တွေမှာ လယ်မြေတွေကို မလုပ်လိုက်လို့ ရှိရင် နောက်နှစ်အတွက် စားဝတ်နေရေးတွေ အင်မတန်ခက်ခဲလာနိုင်တယ်။”

ရခိုင်ပြည်နယ်က မြို့နယ် ၁၇ မြို့နယ်အနက် ၁၅ မြို့နယ်ဟာ စစ်ဒဏ်ခံနေရပြီး၊ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ် ခံနေရကြောင်း ကုလသမဂ္ဂက လူသားချင်းစာနာမှုဆိုင်ရာရုံးက ပြီးခဲ့တဲ့ သီတင်းပတ်မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကနေ မတ်လ ၉ ရက်နေ့အတွင်း စစ်တွေမြို့မှာ လက်နက်ကြီး ပစ်ခတ်မှု ၃ ခုကြောင့် သေဆုံးသူ အရပ်သား အနည်းဆုံး ၂၉ ဦးနဲ့ ဒဏ်ရာရသူ ၄၂ ယောက် ရှိတယ်လို့လည်း ဖော်ပြခဲ့တာပါ။ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀ တို့မှာ နေရပ်စွန့်ခွာရသူ ၁၅၇၀၀၀ လောက် ရှိမယ်လို့လည်း ခန့်မှန်းထားပြီး၊ အရင်က ရှိပြီးသား အရေအတွက်နဲ့ပါဆိုရင် ၃ သိန်းကျော်ပြီလို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG