သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ၃ ပွင့်ဆိုင် အာဆီယံ ဆွေးနွေးဖို့အဆို လာအိုနိုင်ငံထောက်ခံ


လာအိုနိုင်ငံ Luang Prabang မြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း တွေ့ရတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)
လာအိုနိုင်ငံ Luang Prabang မြို့မှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွင်း တွေ့ရတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ (ဇန်နဝါရီ ၂၉၊ ၂၀၂၄)

မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာတွေလျော့ကျပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်အောင် ASEAN TROIKA နဲ့ TROIKA PLUS အစည်းဝေးတွေခေါ်ဖို့ ထိုင်းနိုင်ငံရဲ့ အဆိုပြုချက်ကို လာအိုနိုင်ငံက ကြိုဆိုတယ်လို့ လာအိုနိုင်ငံခြားရေးဌာနပြောခွင့်ရ Nikorndej Balankura က ပြောကြားလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဒီနေ့ ဖော်ပြပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်အောင် အကူအညီပေးဖို့ ထိုင်းဘက်က အဆိုပြုခဲ့တာတွေကို သူက ရှင်းပြခဲ့ပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့အတွက် အခိုင်အမာ ဆက်လက်တောင်းဆိုသွားတဲ့ တချိန်တည်းမှာပဲ ပြဿနာတွေ လျော့ကျအောင် မြန်မာစစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးဖို့ အာဆီယံ ထရိုက်ကာ ယန္တရားကို ထိုင်းဘက်က ဗုဒ္ဓဟူးနေ့က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ဒီအဆိုပြုချက်ကို အခုနှစ် အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံကို တင်သွင်းခဲ့ပြီး၊ လာအိုဘက်ကလည်း ဒီကိစ္စကို ကြိုဆိုကြောင်းနဲ့ ဒီအဆိုပြုချက်ကို ထည့်သွင်းစဉ်းစားနေတယ်လို့ သူကပြောပါတယ်။ ဒီအစည်းအဝေးကို ဘယ်တော့လောက် ကျင်းပဖို့ မှန်းထားသလဲဆိုတဲ့အပေါ်မှာတော့ သူတို့အနေနဲ့ ဒီကိစ္စကို မဆွေးနွေးရသေးကြောင်းနဲ့ အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံအနေနဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ ဒီကိစ္စကို ယူဆောင်လာသင့်တယ်လို့ သူကပြောပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံကတော့ အာဆီယံကို မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ကိုင်တွယ်တဲ့နေရာမှာလည်း ပိုပြီးတော့ တက်တက်ကြွကြွ ပါဝင်စေချင်တယ်လို့လည်း ပြောပါတယ်။ ASEAN TROIKA ဆိုတာကတော့ လက်ရှိ အာဆီယံအဖွဲ့ဥက္ကဋ္ဌအပြင်၊ အရင် နဲ့ နောက်လာမယ့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးဖြစ်ပြီး ASEAN TROIKA PLUS ဆိုတာကတော့ အဲဒီနိုင်ငံ ၃ နိုင်ငံအပြင် ဒီပြဿနာ အပေါ်မှာ စိုးရိမ်တဲ့ တခြားအဖွဲ့ဝင်နိုင်ငံတွေကို ပြောတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ် မြဝတီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ KNU/KNLA အပါအဝင် PDF ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် မြဝတီ နဲ့ အနီးနားက ဒေသခံ ပြည်သူထောင်ပေါင်းများစွာဟာ ထိုင်းနိုင်ငံ မဲဆောက်ကို သွားရောက်ကြည့်ရှုခဲ့တာပါ။

Forum

XS
SM
MD
LG