သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေနဲ့ ကျောက်ဖြူကိုသိမ်းဖို့ AA ပြင်ဆင်


ကျောက်ဖြူမှာရှိတဲ့ တရုတ်ပိုင် ရေနံချက်စက်ရုံ (photo: AFP)
ကျောက်ဖြူမှာရှိတဲ့ တရုတ်ပိုင် ရေနံချက်စက်ရုံ (photo: AFP)

ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ဝင်ငွေက စစ်ကောင်စီ ဝင်ငွေအားလုံးရဲ့ ငါးပုံတစ်ပုံအထိ ရှိနိုင်လို့ ကျောက်ဖြူကို ဆုံးရှုံးရင် ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီမြို့ကို ဆုံးရှုံးတာထက် ပိုပြီး စစ်ကောင်စီအတွက် “ကြီးမားတဲ့ထိခိုက်မှု” ဖြစ်နိုင်တယ်လို့ MIPS ရဲ့ သုတေသီတဦးကထောက်ပြပါတယ်။

အာရက္ခတပ်တော်လို့ အမည်ပြောင်းထားတဲ့ ရက္ခိုင့်တပ်တော် (AA)အနေနဲ့ စစ်တွေနဲ့ ကျောက်ဖြူ ဆိပ်ကမ်းမြို့တွေကို မကြာခင် သိမ်းနိုင်ဖို့ ပြင်ဆင်နေပြီလို့ ဗွီအိုအေကို ပြောပါတယ်။ “စစ်တွေနဲ့ ကျောက်ဖြူကို ဝိုင်းထားပါတယ်၊။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဘိုးဘွားပိုင်မြေ အားလုံးကို ပြန်လည်ရရှိဖို့ပါ။ ဆိုလိုတာက ရခိုင်တပြည်လုံး” ပါလို့ အာရက္ခတပ်တော် (AA)ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)အခြေစိုက်ရာ အမ်းမြို့ကိုလည်း ထိုးစစ်ဆင်နေတယ် ဆိုပါတယ်။ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရကိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ ဆက်သွယ်လို့ မရသေးပါဘူး။

တပြိုင်တည်းမှာပဲ ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် အဓိကကျတဲ့ တရုတ်နိုင်ငံရဲ့ စီမံကိန်းကြီးတွေလည်း ထိခိုက်နေတယ်လို့ လေ့လာသူတွေက ဗွီအိုအေကို ပြောပါတယ်။ ရခိုင်စစ်ပွဲမှာ အဓိကျတဲ့ ကျောက်ဖြူမှာ ဆိုရင် တရုတ်နိုင်ငံရဲ့ ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှင်းမြှုပ်နှံထားတဲ့ ကျောက်ဖြူ ရေနက်စီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် ရှိပြီး ယူနန်ပြည်နယ် ကူမင်းမြို့ကို သွယ်တန်းနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေစတင်တဲ့နေရာ ဖြစ်ပါတယ်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ် လက်မှတ်ထိုး အခမ်းအနား ( ၂၀၂၃ ဒီဇင်ဘာ ၂၆ ရက်) (Photo: SAC Info)
ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်း နောက်ဆက်တွဲစာချုပ် လက်မှတ်ထိုး အခမ်းအနား ( ၂၀၂၃ ဒီဇင်ဘာ ၂၆ ရက်) (Photo: SAC Info)

“ကျောက်ဖြူကိုသာ လက်လွှတ်ရရင် စီးပွားရေးနဲ့ သံတမန်ရေးရာ ဂယက်ရိုက်ခတ်မှုတွေရှိလို့ စစ်ကောင်စီအနေနဲ့ အကြီးအကျယ် ဆုံးရှုံးရဖို့ ရှိတယ်” လို့ လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးဌာန၊ မြန်မာ ပဋိပက္ခ စောင့်ကြည့်လေ့လာရေး ဦးဆောင်သူ Morgan Michaels က ဗွီအိုအေကို ပြောပါတယ်။ ဒါကြောင့် တရုတ် အနေနဲ့ သူ့စီမံကိန်း နယ်မြေဒေသတဝိုက်မှာ အပစ်ရပ်ဖို့ စစ်ကောင်စီနဲ့ AA နှစ်ဖက်စလုံးကို ဖိအားပေးလာဖွယ်ရှိတယ်လို့ သူက သုံးသပ်ပါတယ်။

ဝါရှင်တန်အခြေစိုက် မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေးစင်တာက သုတေသီ တဦးလည်းဖြစ်၊ မြန်မာ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးအင်စတီကျူ (MIPS)ရဲ့ အမှုဆောင်ဒါရိုက်တာလည်း ဖြစ်သူ ဒေါက်တာမင်းဇော်ဦးကတော့ ကျောက်ဖြူကို ဆုံးရှုံးရရင် မဟာဗျူဟာ အရရော ငွေကြေးအရပါ စစ်ကောင်စီအတွက် ထိခိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။ နိုင်ငံတကာက ဒဏ်ခတ်အရေးယူတွေ ခံနေရတဲ့ စစ်ကောင်စီအတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ဝင်ငွေက ငါးပုံတစ်ပုံအထိ ရှိနိုင်လို့ ကျောက်ဖြူကို ဆုံးရှုံးရင် ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီမြို့ကို ဆုံးရှုံးတာထက် ပိုပြီး စစ်ကောင်စီအတွက် “ကြီးမားတဲ့ထိခိုက်မှု” ဖြစ်နိုင်တယ်လို့ ဒေါက်တာမင်းဇော်ဦးက ထောက်ပြပါတယ်။ ဒါ့အပြင် ဘင်္ဂလားပင်လယ်အော် ကမ်းရိုးတန်းက ကျောက်ဖြူမြို့မှာ စစ်ဘက်ဆိုင်ရာ ရေဒါစခန်းနဲ့ အဓိက ရေတပ်စခန်းလည်း ရှိနေလို့ စစ်ရေးအရရော စီးပွားအရအရပါ တန်ဖိုးကြီးမားတယ်လို့ သူက ဗွီအိုအေကို ပြောပါတယ်။


မြန်မာပဋိပက္ခ စောင့်ကြည့်နေသူ Morgan Michaels ကတော့ AA က သိမ်းထားတဲ့ မြို့နယ်တချို့မှာ စစ်ကောင်စီတပ်စခန်းတချို့ ရှိနေနိုင်သေးပေမယ့် ဒါက AA ရဲ့ လှုပ်ရှားသွားလာမှုတွေကို မဟန့်တားနိုင်တော့ဘူးလို့ ထောက်ပြပါတယ်။ “AA က ရခိုင်ဒေသ အကုန်လုံးကို သိမ်းနိုင်တာမျိုး မဟုတ်သေးဘဲမယ့် အဓိကကျတဲ့ နေရာတွေ ထိန်းချုပ်ထားလို့ အလွန်ထိရောက်တယ်” လို့ သူက ဗွီအိုအေကို ပြောပါတယ်။ “အဓိကအချက်ကတော့ စစ်ကောင်စီရဲ့ ခံစစ်လိုင်းကို ဖောက်ထွက်နိုင်တာပါ။

ဒါကြောင့် စစ်ကောင်စီ တပ်စခန်းတချို့ ကျန်နေသေးတယ်ဆိုရင်တောင် အခြား ဖောက်ထွက်သွားလို့ရတဲ့ လမ်းကြောင်းတွေ ရှိနေလို့ AA အနေနဲ့ လွတ်လွပ်လပ်လပ် လှုပ်ရှားလို့ ရနေသလို အုပ်ချုပ်ရေး ယန္တရားတခုကို ထူထောင်ထားနိုင်တယ်” လို့ သူက သုံးသပ်ပါတယ်။ တဖက်မှာလည်း စစ်တွေ မြို့တော်ကို စစ်ကောင်စီ လက်လွှတ်ရရင် ပထမဆုံး ပြည်နယ် မြို့တော်တခုကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တခုကို ပေးလိုက်ရမှာဖြစ်လို့ စစ်ကောင်စီအတွက် အရှက်ရစေမယ့် အရှုံး ဖြစ်တယ်လို့ ဒေါက်တာ မင်းဇော်ဦးက ပြောပါတယ်။

အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၈ မြို့နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ၁ ခုကို ထိန်းချုပ်ထားတယ် ဆိုပါတယ်။ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က ဘူးသီးတောင်မြို့နယ်ထဲမှာ သူတို့ အခေါ် AA အကြမ်းဖက်သမားတွေက ပစ်ခတ်လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိပြီး စစ်ဘက်မဟုတ်တဲ့ နယ်မြေတွေကို တမင် ပစ်မှတ်ထားတာဖြစ်လို့ ဂျီနီဗာကွန်ဗင်းရှင်းကို ချိုးဖောက်ကာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

အာရက္ခတပ်တော်ရဲ့ ဧပြီလ (၂၆)ရက်က ထုတ်ပြန်ချက်မှာတော့ ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာ သူတို့ အခေါ် မူဆလင် အကြမ်းဖက်အဖွဲ့တွေက တဖွဲ့ချင်း၊ ဒါမှမဟုတ် စစ်ကောင်စီနဲ့အတူ ပူးပေါင်းပြီး အာရက္ခ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက် ပြုလုပ်နေလို့ ဧပြီလ (၂၆)ရက်နေ့က စပြီး ည ၇ နာရီကနေ နံနက် ၆ နာရီ အချိန်အတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ကြောင်း ကြေညာထားပါတယ်။ ဒီ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Forum

XS
SM
MD
LG