သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအများအပြားအပေါ် EU ဒဏ်ခတ်မှု သက်တမ်းတနှစ်တိုး


စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို လိုက်လံနှိမ်နင်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။
စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို လိုက်လံနှိမ်နင်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များ။


၂၀၂၄ ဧပြီလ ၃၀ မှာ သက်တမ်းကုန်ဆုံးတော့မယ့် အီးယူ ဥရောပသမဂ္ဂရဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုကို ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ နောက်ထပ် တနှစ် သက်တမ်းတိုးလိုက်ကြောင်း ဥရောပကောင်စီက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံရဲ့အခြေအနေကို သေချာသုံးသပ်ရာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ဆောင်မှုတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အတော်ဆိုးဆိုးဝါးဝါး ဖြစ်ပွါးနေတာ တွေ့ရဆဲဖြစ်တဲ့အတွက် အခုလို သက်တမ်းတိုးဖို့ ဆုံးဖြတ်ရတာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

အီးယူက အရေးယူဒဏ်ခတ်မှု ချမှတ်ထားသူ လူပုဂ္ဂိုလ်က ၁၀၃ ဦးရှိပြီး ကုမ္ပဏီပေါင်းက ၂၁ ခုရှိကြောင်းနဲ့ ဒီလူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်ထားသလို၊ သူတို့အတွက် စီးပွါးရေးအရင်းအမြစ်ရအောင် ဒါမှမဟုတ် သူတို့အတွက် ငွေကြေးထောက်ပံ့မှုတွေကို သူတို့ကိုဖြစ်စေ သူတို့နဲ့ဆက်နွှယ်သူတွေကိုဖြစ်စေ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပေးအပ်မှု မလုပ်ဖို့ တားမြစ်ထားတာပါ။

ဒါ့အပြင် သူတို့တွေ ဥရောပဒေသတွင်း ဝင်ရောက်မှုအတွက် ခရီးသွား ကန့်သတ်မှုတွေပါ ချမှတ်ထားကြောင်း ဖေါ်ပြထားပါတယ်။ အီးယူက မြန်မာအပေါ် လက်နက်နဲ့ လက်နက်ပစ္စည်းတွေ တင်ပို့မှု တားမြစ်ထားသလို ဆက်သွယ်ရေးဆိုင်ရာ စောင့်ကြည့်တဲ့ စက်ပစ္စည်းတင်ပို့မှုတွေကိုလည်း ဆက်လက် တားမြစ်ထားကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဥရောပသမဂ္ဂက မြန်မာအပေါ် ကန့်သတ်မှုတွေ ချမှတ်ခဲ့တာ ၂၀၁၃ ခုနှစ် ဧပြီလကတည်းကဖြစ်ပြီး ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်ကအာဏာသိမ်းရာမှာ တာဝန်ရှိသူတွေကိုလည်း အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG