သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု ရပ်ဆိုင်းရေးသည် ပထမဦးစားပေး ( လုံခြုံရေးကောင်စီ ဥက္ကဌသစ် ဗီယက်နမ်)


ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Dang Dinh Quy 
ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Dang Dinh Quy 

(Zawgyi/Unicode)

ဧပြီလ ၁ ရက်နေ့မှာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျ သဘာပတိဖြစ်လာတဲ့ ဗီယက်နမ် နိုင်ငံ က မြန်မာနိုင်ငံအတွက် အခုအချိန်မှာ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းသွားစေဖို့ ပထမဦးစားပေး ဖြစ်ကြောင်း ဧပြီလတရက် သဘာပတိတာဝန်ယူတဲ့နေ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“အခုအချိန်မှာ ပထမဦးစားပေး အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ ဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေ ရပ်ဆိုင်းသွားဖို့ တင်းမာမှုလျော့ပါးအောင် ၂ ဖက်စလုံးက ကြိုးပမ်းဖို့ လိုသလို ဒီအတွက် နည်းလမ်းမျိုးစုံသုံး ဖို့လိုမယ်လို့ ကျနော်ထင်ပါတယ်။ တင်းမာမှု လျော့သွားရင် အကြမ်းဖက်မှုတွေလည်း လျော့သွားမှာ ဖြစ်တဲ့အတွက် မတူကွဲပြားတဲ့ ဘက်တွေကြား ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ဖို့ အခြေနေတွေ ဖန်တီးပေးရာ ရောက်မှာ ဖြစ်သလို ပြဿနာအတွက် အဖြေရှာနိုင်မှာလည်း ဖြစ်တဲ့ အတွက် ဒါကို ပံ့ပိုးထောက်ခံကြောင်း” ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Dang Dinh Quy က ပြောသွားတာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အလှည့်ကျ သဘာပတိတာဝန်ကို ဗီယက်နမ်က ဧပြီလ အတွက် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ လုံခြုံရေးကောင်စီဟာ မြန်မာ့အရေး ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲပြီးကတည်းက မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်နေကြောင်းနဲ့ ကြာသပတေးည ဒါမှမဟုတ် သောကြာနေ့မှာတော့ မြန်မာနိုင်ငံဆိုင်ရာ လုံခြုံရေးကောင်စီရဲ့ ကြေညာချက်ကို ထုတ်ပြန်နိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ဧပြီလ ၉ ရက်နေ့မှာလည်း မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲ ကျင်းပဖို့ ရှိကြောင်းလည်း ပြောပါတယ်။

အလှည့်ကျဥက္ကဌ ဖြစ်လာတဲ့ ဗီယက်နမ်က မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ အထူးသဖြင့် မြန်မာနိုင်ငံက တပ်မတော်နေ့ ကျင်းပချိန်မှာ လူအများအပြား သေဆုံးရတာအတွက် ရှုတ်ချကြောင်း ပြောပါတယ်။ ဗီယက်နမ်က ကုလသမဂ္ဂက အရေးယူဒဏ်ခတ်မှု အားလုံးကို လိုက်နာပေမယ့် ဒီအရေးယူမှုတွေဟာ လူထုဒါမှမဟုတ် နိုင်ငံရဲ့ လူသားချင်းစာနာမှု ဆိုင်ရာ ပေါ်မှာထိခိုက်မှု မရှိသင့်ကြောင်း ပြောပါတယ်။

ဗီယက်နမ် သံအမတ်ကြီးရဲ့ လုံခြုံရေးကောင်စီ အလှည့်ကျသဘာပတိ အဖြစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ မေးခွန်းတွေကို အဓိက မေးမြန်းခဲ့ကြတာ ဖြစ်ပြီး တကယ်လို့ မြန်မာစစ်တပ်အပေါ် လုံခြုံရေးကောင်စီက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ရင် ဗီယက်နမ်က ထောက်ခံမှုပေး မပေး သတင်းထောက်တွေရဲ့ အမေးကိုတော့ မဖြေကြားခဲ့ပါဘူး။


..............


(Unicode)







XS
SM
MD
LG