သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ပူနွေးမှုကြောင့် သက်တမ်းရင့်သစ်တောတွေ ထိခိုက်ပျက်စီးလာနေ


ကမ္ဘာ့ပူနွေးမှုမြင့်တက်လာတဲ့အကျိုးသက်ရောက်မှုတွေထဲမှာ သစ်ပင်တွေ အလိုလိုသေဆုံးလာတာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်လည်းအခြေအနေအရ အပင်မျိုးစိတ်တွေ ပြောင်းလဲစိုက်ပျိုးလာကြတာလည်းရှိသလို နေရာသစ်ကို ပြောင်းပြီး စိုက်ပျိုးစမ်းသပ်တာတွေလည်း ရှိပါတယ်။ ဥတုရာသီနဲ့အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။

ကမ္ဘာ့ပူနွေးမှုကြောင့် သက်တမ်းရင့်သစ်တောတွေ ထိခိုက်ပျက်စီးလာနေ

ကမ္ဘာ့ပူနွေးမှုမြင့်တက်လာတဲ့အကျိုးသက်ရောက်မှုတွေထဲမှာ သစ်ပင်တွေ အလိုလိုသေဆုံးလာတာလည်း တခုအပါအဝင်ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခြေအနေအရ အပင်မျိုးစိတ်တွေ ပြောင်းလဲစိုက်ပျိုးလာကြတာလည်းရှိသလို နေရာသစ်ကို ပြောင်းပြီး စိုက်ပျိုးစမ်းသပ်တာတွေလည်း ရှိပါတယ်။ ဥတုရာသီနဲ့အနာဂတ်အစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။

အေမရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်က Little Mountain ဥယျာဥ်ကြီးထဲမှာ ဒေသမျိုးရင်း အပင်မျိုးစိတ်တခုဖြစ်တဲ့ Red Cedars သစ်ကတိုးတောအုပ်တွေ အကွက်လိုက် သေဆုံးလာတာကိုတွေ့ရပါတယ်။ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်နွေရာသီဟာ ပူပြင်းခြောက်သွေ့လွန်းတဲ့ အတွက် အပင်တွေ ခုလိုသေဆုံးလာကြတာပါ။ ဝါရှင်တန်တက္ကသိုလ်က သုတေသီတဦးလည်းဖြစ်၊ သစ်ပင်တွေ သူ့အလိုလိုသေဆုံးမှုကို လေ့လာနေတဲ့ Robbie Andrus ကခုလိုရှင်းပြပါတယ်။

ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုကြောင့် အေမရိကန်နိုင်ငံထဲက ဒေသအတော်များများမှာ သစ်ပင်တွေသေဆုံးလာပါတယ်။ ရာသီဥတု ပိုပြီးအေးမြသလို မိုးလည်းများတဲ့ ဒီက ပစိဖိတ်အနောက်မြောက်ပိုင်းဖက်မှာလည်း နွေရာသီကာလတွေမှာ နှစ်တွေနဲ့ချီ ပူပြင်းခြောက်သွေ့လာတဲ့အတွက် သစ်ပင်ကြီးတွေခုလို သေဆုံးလာကြတာဖြစ်ပါတယ်”

Western Red Cedar အနီရောင်သစ်ကတိုးမျိုးစိတ်တွေ ဒီထက်မက သေဆုံးလာတာကိုတွေ့ရနိုင်ခြေရှိတယ်လို့လည်း သူကပြောပါတယ်။ ဥတုရာသီပြောင်းမှုကြောင့် ပစိဖိတ်အနောက်မြောက်ပိုင်းက ဒေသရင်းသစ်ပင်မျိုးစိတ်တွေသေဆုံးလာတဲ့အတွက် Puget Sound အရပ်မှာတော့ ဒေသန္တရ တာဝန်ရှိသူတွေ၊ လူမှုအသိုင်းအဝန်းထဲက ပြည်သူတွေရဲ့ အကူအညီနဲ့ ရာသီဥတုနဲ့လိုက်လျောညီထွေဖြစ်မယ့် သစ်ပင်တွေဖြစ်လာအောင် ဝိုင်းဝန်း ကြိုးပမ်းနေကြပါတယ်။

ကမ္ဘာ့ရာသီဥတုပိုပြီးပူနွေးလာတာနဲ့အမျှ ကမ္ဘာ့မြောက်ဖက်ခြမ်းက သစ်ပင်တွေလည်း မြေမျက်နှာပြင်ပိုမြင့်တဲ့ မြောက်ဖက်အရပ်ကို သူ့အလိုလို ပြောင်းရွေ့ ပေါက်ရောက်လိမ့်မယ်လို့လည်း ခန့်မှန်းရပါတယ်။ Oxbow Farms နဲ့ Conservation Center Matt Distler ကခုလို ပြောပါတယ်။

ကျနော်တို့ဇာတိမျိုးရင်း သစ်ပင်တွေဟာ သူ့ဘာသာ နေရာပြောင်းပြီး ပေါက်ရောက်လေ့ရှိကြပါတယ်။ ဒါပေမယ့်လည်း အပင်တွေ အဲဒီလိုရွေ့လျားပေါက်ရောက်တဲ့ အချက်အလက် သမိုင်းကြောင်းကိုကြည့်တဲ့အခါ သူတို့ရွေ့လျားနိုင်တဲ့အရှိန်ဟာ လာမယ့်နှစ်ပေါင်း ၁၀၀ အတွင်း ခန့်မှန်းထားတဲ့ ရာသီဥတုပြောင်းလဲမှုတွေကို အမှီလိုက်နိုင်လောက်အောင် မြန်ဆန်မှုမရှိဘူးဆိုတာ သွားတွေ့ပါတယ်”

သစ်ပင်တွေဆိုတာကလည်း သူတို့ကြိုက်တဲ့ ရာသီဥတုရှိရာဆီ ထပြီးပြောင်းသွားလို့ရတာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်လည်း လူတွေက ဝိုင်းကူညီပေးတဲ့ သဘောလည်းဖြစ်ပါတယ်။ ဥတုရာသီနဲ့အညီ သစ်ပင်တွေလိုက်ပြီးရှင်သန်ပေါက်ရောက်နိုင်အောင် လူတွေက အပင်တွေကို လိုက်ပြီးပြောင်းရွှေ့စိုက်ပျိုးပေးကြတာဖြစ်ပါတယ်။

ဒေသတွင်းက ဘယ်လိုသစ်ပင်မျိုးစိတ်တွေ လူရဲ့အကူအညီလိုမလဲဆိုတဲ့အပေါ်မှာတော့ လူတိုင်းအမြင်သဘောထားမတူညီကြသလို လူတွေကြားဝင် ဆောင်ရွက်သင့်တဲ့အရာမဟုတ်ဘူးလို့ မြင်တာမျိုးလည်းရှိပါတယ်။ ပစိဖိတ်အနောက်မြောက်ပိုင်းက ဒေသမျိုးရင်းသစ်ပင်တွေကို ကူညီပြီး ရွှေ့ပြောင်းစိုက်ပျိုးပေးတဲ့အဖွဲ့နဲ့ ပစိဖိတ်တောင်ပိုင်း ကမ်းရိုးတန်းမှာပေါက်တဲ့ coast redwoods နဲ့ ကယ်လီဖိုးနီးယားပြည်နယ်က ဧရာမ sequoias သစ်ပင်မြင့်ကြီးတွေ အစားထိုးပေါက်ရောက်လာတာကို တွေ့မြင်လိုတဲ့အဖွဲ့တွေကြား အမြင်ကွဲလွဲတာတော့ရှိပါတယ်။ Washington တက္ကသိုလ် ပါမောက္ခ David Peterson ကခုလိုပြောပါတယ်။

အဲဒီမျိုးစိတ်တွေကို မတူညီတဲ့ဒေသတွေဆီ ယူဆောင်လာတဲ့အခါ ဒေသခံမျိုးစိတ်တွေနဲ့ လိုက်လျောညီထွေမဖြစ်တဲ့ အင်းဆက်ပိုးမွှားတွေနဲ့ ရောဂါဘယတွေ ပါလာနိုင်ပါတယ်၊ ဒါမှမဟုတ် ဒေသတွင်းက အင်းဆက်ပိုးမွှားတွေနဲ့ ရောဂါတွေရဲ့ ဒဏ်နဲ့လည်း ကြုံရနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒါကို အရမ်းသတိထားဖို့လိုပါတယ်။ အရင်ဆုံး လက်တွေ့စမ်းသပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မြို့ပြတွေမှာ အရင်ဆုံး စမ်းလုပ် ကြည့်ရအောင်။ ဒါပေမယ့် ဧကပေါင်း ရာ၊ ထောင်ချီတဲ့ အတိုင်းအတာနဲ့ စလုပ်ဖို့ကတော့ စောလွန်းတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သစ်ပင် မျိုးစိတ်တွေကို သူ့ရဲ့ဇာတိနေရပ်ရင်းကနေ အဝေးကြီးကို ပြောင်းရွှေ့တာ သိသာထင်ရှားတဲ့ အန္တရာယ်ရှိနေလို့ပါ။”

Assisted population migration ဆိုတဲ့ အပိုင်းကတော့ သူပေါက်နေကျနေရာအဝန်းအဝိုင်းထဲမှာပဲ လူတွေက ရွှေ့ပြောင်းစိုက်ပျိုးပေးတာပါ။ ဒီနေရာမှာ ဒေသရင်း သစ်ပင်မျိုးစိတ်တွေရဲ့ မျိုးစေ့တွေကို ရွှေ့ပြောင်းပေးတာအပြင် လက်ရှိကြီးထွားနေကြပြီဖြစ်တဲ့ အပင်တွေကိုတော့ ရာသီဥတုဒဏ်ခံ နိုင်ဖို့ မျိုးဗီဇတွေသန်မာအားကောင်းလာ အောင်ဆောင်ရွက်ပေးတာမျိုးလည်းပါဝင်ပါတယ်။

Assisted species migration ဆိုတာကျတော့ မျိုးစိတ်တွေကို ပေါက်နေကျမဟုတ်တဲ့ တခြားဒေသတွေဆီ ရွှေ့ပြောင်းပေးတာဖြစ်ပါတယ်။ ဥပမာ ကယ်လီဖိုးနီးယားကမ်းရိုးတန်းပေါ်က Red Wood သစ်နီပင်များနှင့် sequoias သစ်ပင်မြင့်ကြီးတွေကို ဝါရှင်တန်ပြည်နယ်ထဲကို စတင်မိတ်ဆက်ပြီးပြောင်းရွှေ့စိုက်ပျိုးပေးတာမျိုးပါ။ နောက်ထပ်အမျိုးအစားကတော့ range Expansion ဆိုတဲ့ ဒေသမျိုးရင်းတွေကို လက်ရှိပေါက်ရောက်တဲ့ နယ်ထက် ကျော်လွန်ပြီး တိုးချဲ့စိုက်ပျိုးပေးတာမျိုးဖြစ်ပါတယ်။

အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက တနိုင်ငံလုံးမှာ လက်ရှိကျင့်သုံးနေတဲ့ လူ့အကူအညီနဲ့ မျိုးရင်းသစ်ပင်တွေ ပြောင်းရွှေ့ပေးတဲ့ နည်းလမ်းကတော့ ဒီတနည်းလမ်း တခုထဲသာရှိတယ်လို့ စိုက်ပျိုးရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ သုတေသနအဖွဲ့ရဲ့ လက်ထောက်အကြီးအကဲ Dr David Lytle ကပြောပါတယ်။ ဂေဟစနစ်အတွက် “အနုတ်လက္ခဏာဆောင်တဲ့ အကျိုးဆက်တွေ” ရှိရင်လည်း အနည်းငယ်သာရှိနိုင်တဲ့အတွက် သစ်တောဌာနက ဒီနည်းလမ်းနဲ့ ဆောင်ရွက်တာဖြစ်တယ်လို့လည်း Dr Lytle ကပြောပါတယ်။

ဝါရှင်တန်ပြည်နယ်ထက် ပိုပြီးပူနွေးခြောက်သွေ့တဲ့ အော်ရီဂွန်ပြည်နယ်ထဲက သစ်ကတိုးပင်တွေကို အေးမြစိုစွတ်တဲ့ Seattle အရှေ့ဖက် ၂၅ မိုင်အကွာမှ စမ်းသပ်စိုက်ပျိုးဖို့လည်းပြင်ဆင်နေပါတယ်။ နှင်းတွေနဲ့ စိုစွတ်နေတတ်တဲ့ဆောင်းရာသီကို သစ်ကတိုး ပင်တွေခံနိုင်ရည်ရှိမလားဆိုတာ စမ်းသပ်လေ့လာမှာ ဖြစ်ပါတယ်။ အဲဒီနေရာမှာ အရင်ဆုံး အပင်ပေါင်း ၂ ထောင့် ၅ ရာလောက်နဲ့စမ်းသပ်စိုက်ပျိုးနေတာပါ။ Oxbow Farms နဲ့ Conservation Center Matt Distler ကခုလို ဆက်ပြောပါတယ်။

"မတူကွဲပြားတဲ့ ရေမြေအနေအထား၊ ရာသီဥတုနဲ့ မြေယာအမျိုးအစားတွေမှာ အပင်တွေ စိုက်ပျိုးဖို့ ကြိုးစားနေတဲ့ပညာရှင်တွေအများကြီး ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ နောက်ဆုံးမှာတော့ ခုလို လူတွေရဲ့ အကူအညီနဲ့အပင်တွေ ရွှေ့ပြောင်းစိုက်ပျိုးမှုအယူအဆတွေကို အဆုံးစွန်ထိ နားလည် သဘောပေါက်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်”

ခုလို ကမ္ဘာ့ပူနွေးမှုကြောင့် အပင်တွေ အလိုလိုသေဆုံးလာတာဖြစ်တဲ့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့လျော့ချဖို့ အားသွန်ခွန်စိုက်ဆောင်ရွက်ဖို့လိုသလို ခုလို ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့လိုက်လျှောညီထွေဖြစ်မယ့်အပင်တွေ ဆက်လက်စမ်းသပ်စိုက်ပျိုးဖို့လိုတယ်လို့လည်း ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ လတ်တလောနှစ်တွေမှာ သဘာဝဘေးဒဏ်တွေကြောင့် ကမ္ဘာအရပ်ရပ်မှာ သစ်တောတွေနဲ့လူနေအဆောက်အအုံတွေပါ ရေဘေး၊ မီးဘေးတို့ဘို သဘာဝဘေးဒဏ်တွေကြောင့် အကြီးအကျယ် ဆုံးရှုံးနေရတဲ့အတွက် အေမရိကန်သာမကပဲ အခြားနိုင်ငံတွေမှာလည်း အနေအထားကိုလိုက်ပြီး အပင်မျိုးစိတ်တွေပြောင်းလဲစိုက်ပျိုးလာနေကြပါတယ်။

XS
SM
MD
LG