သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသား အင်အားစုတချို့ရဲ့ မီဒီယာသဘောထား IPCM တုံ့ပြန်


မြဝတီမြို့နယ် လက်ခတ်တောင်၊ ကျောက်မိုင်းဒေသမှာ KNU/KNLA ကော်ဘရာစစ်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များ စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲနေစဥ် ရိုက်ကူးထားပုံ။
မြဝတီမြို့နယ် လက်ခတ်တောင်၊ ကျောက်မိုင်းဒေသမှာ KNU/KNLA ကော်ဘရာစစ်ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့များ စစ်ကောင်စီနဲ့ ရင်ဆိုင်တိုက်ပွဲ ဆင်နွှဲနေစဥ် ရိုက်ကူးထားပုံ။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်တဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ မူဝါဒ ကျင့်ဝတ်တွေဟာ သတင်းသမားတွေရဲ့ လုံခြုံရေး၊ လွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်နေတယ်လို့ သတင်းထောက်တွေကြား စိုးရိမ်နေပါတယ်။

စစ်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားနယ်မြေဒေသ အသီးသီးထဲ သတင်းရယူရာမှာ သတင်းသမားလုံခြုံရေးနဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်မှုရှိနေတာနဲ့ ပတ်သက်လို့ မြန်မာသတင်းမီဒီယာနဲ့ သတင်းထောက်တွေအကြား စိုးရိမ်ပူပန်မှု ဖြစ်ပေါ်နေတဲ့အကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)က ဧပြီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ သတင်းမီဒီယာလွတ်လပ်ခွင့် တင်းကျပ်လာမှုအပေါ် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီး ညှိုနှိုင်းမှုလုပ်နေတဲ့အကြောင်း IPCM က ပြောဆိုပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုရဲမွန်က တင်ပြမှာပါ။

ယခု ဧပြီလအတွင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) က ထုတ်ပြန်ထားတဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်လိုက်တဲ့ သတင်းနဲ့ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ ပေါ်လစီမူဝါဒတွေ ကျင့်ဝတ်စည်းကမ်းတွေဟာ သတင်းသမားတွေရဲ့ လုံခြုံရေး၊ သတင်းလွတ်လပ်ခွင့်အပေါ် ခြိမ်းခြောက်နေတယ်လို့ မြန်မာသတင်းမီဒီယာနဲ့ သတင်းထောက်တွေအကြား စိုးရိမ်ပူပန်မှု ဖြစ်ပေါ်နေကြောင်း လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီက ဧပြီလ ၂၆ ရက် သောကြာနေ့မှာ ထုတ်ပြန်ထားပါတယ်။

မီဒီယာကျင့်ဝတ်နဲ့အညီ သတင်းရယူပိုင်ခွင့် ပြုဖို့အတွက် စစ်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားနယ်တွေအားလုံး ရည်ရွယ်ပြီး ထုတ်ပြန်လိုက်တာဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဗွီအိုအေကို ပြောပါတယ်။

“ အဓိကတော့ဗျာ… ကျနော်တို့ ပြောချင်တာက သတင်းသမားတွေဆီမှာလည်း သတင်းမီဒီယာ ကျင့်ဝတ်ပေါ့။ ဥပမာ ခင်ဗျာတို့ VOA မှာလည်း VOA Code of Conduct ရှိတယ်။ မီဒီယာတွေမှာလည်း မီဒီယာကျင့်ဝတ်နဲ့ အညီ ကျနော်တို့ အဓိက Access to Information ပေါ့နော်၊ သတင်းရယူပိုင်ခွင့်ကို ကျင့်ဝတ်နဲ့အညီ ယူတာကို ပေးပါလို့ ကျနော်တို့က ပြောတာပါ။ အဓိကတော့ ပေါ့နော်။ ခုလောလောဆယ် လက်ရှိကတော့ IEC နဲ့ KNU က ထုတ်ထားတော့ သူတို့ကိုပဲ တည်ပြောသလို ဖြစ်နေတယ်။”

သတင်းရယူမှုကို တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ကန့်သတ်ချက်တွေကြောင့် မြေပြင် သတင်းရယူနေတဲ့ သတင်းသမားတွေအတွက် စိန်ခေါ်မှုတရပ်ဖြစ်စေသလို သတင်းလွတ်လပ်ခွင့်ကို ထိခိုက်ဘောင်ကျဉ်းစေတယ်လို့ KNU နယ်မြေမှာ သတင်းရယူနေတဲ့ သတင်းထောက်တဦးက ပြောပါတယ်။

“မြေပြင်မှာ သတင်းရယူနေတဲ့ သတင်းထောက်တွေအတွက် ဒါ ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့်ကိုလည်း ထိခိုက်စေတယ်။ သတင်းလွတ်လပ်ခွင့်ဘောင်ကို ပိုပြီးကျဉ်းသွားစေတာပေါ့နော်။ ဒီအခြေအနေမှာ သတင်းသမားတွေက အဆင်ပြေသလို သတင်းရယူနေရတာဖြစ်တယ် သူရဲ့ အသက်လုံခြုံရေးကိုလည်း ဂရုစိုက်နေရတာ ဖြစ်တဲ့အတွက်ပေါ့လေ အခုလို သူတို့ရဲ့ သတင်းရယူတဲ့နေရာမှာ ဒီလိုမျိုး ကန့်သတ်ချက်တွေ ဒီစည်းကမ်းချက်တွေက တကယ့်ကို လုံခြုံရေးက စိုးရိမ်စရာဖြစ်တယ်လို့ မြင်တယ်ပေါ့နော်။ ဒါတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့သူတွေကလည်း ဒါထည့်သွင့်စဉ်းစားဖို့လိုတယ်လို့ ပြောချင်ပါတယ်။”

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဘက်က ထုတ်ပြန့်ချက်သိရဖို့ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် မရသေးပါဘူး။

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ သတင်းနဲ့ ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ ပေါ်လစီမူဝါဒများ၊ ကျင့်ဝတ်စည်းကမ်းများရဲ့ အခန်း ၁၂ ပြင်ပသတင်းဌာနတွေ လုပ်ဆောင်ရမယ့် လုပ်ထုံးလုပ်နည်းများအရ KNU ထိန်းချုပ်နယ်မြေမှာ သတင်းလာယူမယ့် ပြင်ပသတင်းဌာနတွေဟာ KNU ရဲ့ ဗဟိုဌာနချုပ်ကို ကြိုင်တင် ခွင့်ပြုချက်တောင်းခံရမှာဖြစ်ပြီး ကြိုတင်ခွင့်ပြုချက် တောင်းခံရာမှာ သတင်းဌာနအမည်၊ သတင်းထောက်ကဒ် သတင်းသွားယူမယ့်နေရာ၊ သတင်းရယူမယ့် အကြောင်းအရာတွေကို ပူးတွဲတင်ပြရမယ့်အကြောင်းနဲ့ အဖွဲ့အစည်းရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ထိခိုက်နစ်နာ ပျက်စီးဆုံးရှုံးစေမယ့် ပြုမူလုပ်ဆောင်ချက်များကို ရှောင်ကြဉ်ရမှာဖြစ်ပြီး လိုအပ်ပါက ရိုက်ကူးထားတဲ့ ရုပ်သံများဖြစ်စေ၊ ဓာတ်ပုံများဖြစ်စေ တာဝန်ရှိသူများက စစ်ဆေးရန် တောင်းခံလာပါက ရိုက်ကူးထားတာကို ပြသပေးရမယ်ဆိုပြီး ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့က ကန့်သတ်ချက်တွေ တင်းကျပ် ထုတ်ပြန်ထားပါတယ်။

အလာတူး ကရင်နီပြည်ကို သတင်းလာယူမယ့် ပြည်တွင်းပြည်ပ သတင်းမီဒီယာ အပါအဝင် အလွတ်တန်းသတင်းထောက်တွေ လိုက်နာရမယ့် မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက် စည်းကမ်းသတ်မှတ်ချက်တွေကို ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့က ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က ထုတ်ပြန်ထားပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်ပြီး ဘောင်ကျဉ်းအောင် ဆောင်လုပ်နေတာ မဟုတ်ဘဲ မလိုလာအပ်တဲ့ ပြသနာမရှိစေရေးနဲ့ နှစ်ဘက် ပွတ်တိုက်မှုမရှိအောင် ညှိုနှိုင်းလုပ်ဆောင်သွားဖို့ရှိကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ရဲ့ အတွင်းရေးမှူး(၂) ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။

“ဒီဟာက ကျနော်တို့အနေနဲ့ ဘောင်ကျဉ်းတယ်လို့ ခံစားရင် ဘောင်ကျဉ်းသွားနိုင်တယ်။ ဒါပေမဲ့ ဒါက မူဝါဒပိုင်းဆိုင်ရာအရ အစိုးအရတရပ်ဖြစ်စေ အစုအဖွဲ့ဖြစ်စေ ဒါသတ်မှတ်ရမယ် ရှိရမယ့်နည်းလမ်းတွေ ဖြစ်တယ်ပေါ့နော် တချို့အပိုင်းမှာကျတော့ ကျနော်တို့ အခက်အခဲကြုံနိုင်တယ်ဆိုတာ ကျနော်နားလည်တယ်။ ကျနော်တို့ တချို့အသုံးအနှုန်းမှာ အားနည်းချက်ရှိတယ်ဆိုတာ ကျနော်တို့ နားလည်ထားတယ်။ ဒါပေမယ့် ဒီဟာကို ကျနော်တို့ ဒီစနစ်တကျပေါ့ ကျနော်တို့နဲ့အတူ ဒီပြသနာကို ဘယ်လိုဖြေရှင်းကြမလဲ၊ ဒီဟာ ဘယ်လို ကျော်လွှားကြမလဲဆိုတဲ့ စဉ်းစားချက်ရှိတယ်နော် ကျနော်တို့က မီဒီယာရဲ့ တဖွဲ့ချင်းဖြစ်စေ၊ ဒါမှမဟုတ် ဒီ သတင်းမီဒီယာကောင်စီ တဖွဲ့ချင်း တစုချင်းစီဖြစ်စေပေါ့ ကျနော်တို့ တွေ့ဖို့အတွက် အဆင်သင့်ဖြစ်တယ်။ တွေ့နိုင်အောင် ကျနော်တို့ အစဉ်အစီတွေရှိတယ် စီမံချက်တွေရှိတယ်။”

ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ရည်မှန်းထားသော သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် စံနှုန်းများ၊ တန်ဖိုးများကို လေးစားပြီး ကျင့်သုံးစေဖို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီက တိုက်တွန်းလိုပါကြောင်း IPCM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွတ်လပ်သော သတင်းမီဒီယာလုပ်ငန်းရဲ့ သဘောသဘာဝ၊ ကျင့်ဝတ်စံနှုန်း၊ သတင်းရယူခွင့်ဆိုင်ရာနဲ့ သတင်းမီဒီယာအချင်းချင်း ထိန်းကျောင်းမှု စတဲ့ သတင်းမီဒီယာ အခန်းဏ္ဍတွေကို ရှင်းလင်းတင်ပြရန် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရေးကိုလည်း IPCM က စီစဉ်ချက်ရှိတယ်လို့ ဆိုပါတယ်။


လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM) အနေနဲ့ IEC နဲ့ KNU တို့ တွေ့ဆုံပြီး သတင်းမီဒီယာသမားတွေရဲ့ စိုးရိမ်ချက်တွေကို တင်ပြဆွေးနွေးခဲ့ကြောင်းနဲ့ နှစ်ဖက် ပြေလည်အောင် ညှိုနှိုင်းနေတာလို့ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ဗွီအိုအေကို ပြောပါတယ်။

“ သတင်းသမားတိုင်းမှာ သတင်း တိုက်ကနေပြီးတော့ ကိုယ်စားပြုမှုရှိတယ်။ သတင်းတိုက်ရဲ့ ကျင့်ဝတ်တွေရှိတယ်။ အဲ့ဒါနဲ့အညီ ကျနော်တို့ ညှိုနှိုင်းဆောင်ရွက်ပေးမယ်။ ဘယ်လိုဆောင်ရွက်ပေးရမလဲဆိုတဲ့ ကိစ္စတွေ ညှိုနှိုင်းမှုတွေအများကြီး ရှိပါတယ်ခင်ဗျ ဟုတ်။ အဓိက သူတို့စိုးရိမ်ချက်တွေ ပြောတယ်။ သူတို့ကလည်း ကျနော် စောနကပြောသလို စစ်ရေးအရ တချို့ သူတို့တွေ အပြင်ကို မထုတ်ချင်တဲ့ ကိစ္စလေးတွေ ရှိတာပေါ့နော်။ တရားဝင်ထုတ်တဲ့အထိကို မစောင့်ပဲနဲ့ အခုဟာက နေရာစုံလူစုံ တချို့က အဲ့ Freelance ကိစ္စတွေလည်း ပါတယ်။ တချို့ကတော့ သူတို့နဲ့ ပတ်သက်နဲ့လူတွေက ဓာတ်ပုံရိုက်ပြီး ပို့လိုက်တဲ့ဟာကို သတင်းထောက်တွေက သုံးတာ အစုံပါပဲ ခင်ဗျ၊ ဒါတွေက ညှိုနှုိင်းယူရမှာပါ။ တယောက်နဲ့တယောက် အဓိကတော့လေ သူ့ စိုးရိမ်ချက်ကိုလည်း ကိုယ်က နားလည်မယ်၊ ကိုယ့်ရဲ့ သတင်းရယူခွင့်ကိုလည်း နားလည်မယ်ဆိုရင်တော့ ပြေလည် ပါလိမ့်မယ်၊ ပြေလည်အောင် ညှိုနှိုင်းဖို့လည်း ကြိုးစားနေပါတယ် ခင်ဗျ။”

သတင်းသမားတွေ စောင့်ထိန်းအပ်တဲ့ ကျင့်ဝတ်ကို လိုက်နာကျင့်သုံးရန် တိုက်တွန်းနှိုးဆော်ပြီး မိမိကိုယ်ကို ထိန်းကျောင်းကြပ်မတ်ရေးစနစ်ကိုလည်း ရေးဆွဲ ပြဌာန်ထားကြောင်းနဲ့ လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ သတင်းသမားတိုင်း လိုက်နာသင့်တဲ့ ကျင့်ဝတ်ကို လာမယ့် မေလ ၃ ရက်နေ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ IPCM က ထုတ်ပြန်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG