သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်းဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ အကြောင်းပြ


နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ၇၈ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနား (မတ် ၂၇၊ ၂၀၂၃)
နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ ၇၈ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနား (မတ် ၂၇၊ ၂၀၂၃)
စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း

အခုလိုလုပ်ဆောင်ရတာက ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်တာပဲဖြစ်တယ်။ ဒီစစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ပထမဦးဆုံးလိုတဲ့ အခြေခံအုတ်မြစ်က သိက္ခာရှိတဲ့အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ပဲဖြစ်တယ်။ ဒါကိုကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့လည်း အမြဲတမ်းအာမခံထားတာဖြစ်တယ်။ ကျွန်တော်တို့ စတင်တာဝန်ယူစဉ်ကတည်းကနေ အခုအချိန်အထိ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေ မှာ အမြဲတမ်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ဆိုတာ အာမခံထားပြီးဖြစ်တယ်။ ရည်ရွယ်ဆောင်ရွက်ပြီးဖြစ်တယ်။ ဒီလိုရွေးကောက်ပွဲလုပ်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့လိုပါတယ်။ ဒီတည်ငြိမ်အေးချမ်းမှုကို ကျွန်တော်တို့တည်ဆောက်ရပါမယ်။ တည်ဆောက်ရာမှာလည်း နိုင်ငံသားအားလုံး ပါဝင်တည်ဆောက်မှ ဖြစ်မှာဖြစ်ပါတယ်။

ဒါက မှားယွင်းနေပါတယ်။

၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေကို အမိန့်ထုတ်ပြန် လိုက်ရခြင်းမှာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ ဆိုတဲ့အကြောင်းအရင်းလည်း ပါဝင်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ ပြောပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ရခြင်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားရာမှာ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံတွေအပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက ခေတ်သစ်ကိုလိုနီပြုမှုတွေကနေ ကာကွယ်နိုင်ဖို့အပြင်၊ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ဆိုတဲ့အချက်တွေကို ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြောင်းပြထားပါတယ်။

“အခုလိုလုပ်ဆောင်ရတာက ပြည်သူလူထုရဲ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်တာပဲဖြစ်တယ်။ ဒီစစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ပထမဦးဆုံးလိုတဲ့ အခြေခံအုတ်မြစ်က သိက္ခာရှိတဲ့အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ပဲဖြစ်တယ်။ ဒါကိုကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့လည်း အမြဲတမ်းအာမခံထားတာဖြစ်တယ်။ ကျွန်တော်တို့ စတင်တာဝန်ယူစဉ်ကတည်းကနေ အခုအချိန်အထိ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေ မှာ အမြဲတမ်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ဆိုတာ အာမခံထားပြီးဖြစ်တယ်။ ရည်ရွယ်ဆောင်ရွက်ပြီးဖြစ်တယ်။ ဒီလိုရွေးကောက်ပွဲလုပ်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့လိုပါတယ်။ ဒီတည်ငြိမ်အေးချမ်းမှုကို ကျွန်တော်တို့တည်ဆောက်ရပါမယ်။ တည်ဆောက်ရာမှာလည်း နိုင်ငံသားအားလုံး ပါဝင်တည်ဆောက်မှ ဖြစ်မှာဖြစ်ပါတယ်။” ဆိုပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းရခြင်းအပေါ် အကြောင်းပြချက်ပေးထားပါတယ်။

ဒါက မှားယွင်းနေပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ရခြင်းဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့အတွက်ဆိုပြီး အကြောင်းပြချက်ပေးထားပေမယ့် ဒီမိုကရေစီရဲ့ အခြေခံစံတန်ဖိုးများဖြစ်တဲ့ လွတ်လပ်စွာထုတ်ပြောဆိုခွင့်ဟာ မြန်မာနိုင်ငံအတွင်း အဆိုးဆုံးအခြေအနေမှာ ရှိနေတယ်လို့ သုတေသနအဖွဲ့အစည်းတွေက ထုတ်ပြန်ထားကြပါတယ်။ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ကနေ စတင်ပြီး၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းအထိ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုမှုကြောင့် ဖမ်းဆီးခံရသူ (၁၈၂) ဦးရှိပြီး အဲ့ဒီအထဲမှာ (၁၇၀) ဦးဟာ အကျဉ်းကျနေရစဲဖြစ်တယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လူ့အခွင့်ရေးကြေညာစာတမ်း အပိုဒ် (၁၉)မှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အတွက် ထည့်သွင်းဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံအတွင်း အသုံးပြုမှုများတဲ့ ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ရေးသားမှု၊ မျှဝေမှုများကြောင့် ဖမ်းဆီးခံသူတွေ ဆက်လက်ရှိနေပြီး စစ်ကောင်စီပိုင် သတင်းစာတွေမှာလည်း ဖမ်းဆီးမှုတွေကို ဖေါ်ပြလျက်ရှိတာကိုတွေ့ရပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှာလည်း ဖေ့စ်ဘွတ်ဆိုရှယ်မီဒီယာပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ရေးသားသူများကို အကြမ်းဖက်အားပေးသူများအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးဖို့ တိုက်တွန်းဖြန့်ဝေနေတာတွေကို တွေ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းမှု (၃) နှစ်ကျော်အတွင်း မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်အဆိုးဆုံး အခြေအနေမှာ ရှိနေသလိုပဲ သတင်းလွတ်လပ်ခွင့် အခြေအနေကလည်းကျဆင်းနေတယ်ကြောင်း ညွှန်းကိန်းတွေက ဖေါ်ပြကြပါတယ်။ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ နှစ်ပတ်လည် သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းအရ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ကျဆင်းနေပြီး နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၃ အထိရှိတယ်လို့ ဖေါ်ပြထားပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာ သတင်းမီဒီယာသမား တွေဟာ ဖမ်းဆီးထောင်ချခံရတာ၊ နှိပ်စက်ညှင်းပမ်းသတ်ဖြတ်ခံရတာတွေကို ကြုံတွေ့ရတဲ့အထိ အန္တရာယ်ကြီးမားနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ အရပ်သားတွေကို သတ်ဖြတ်မှု တိုးမြှင့်လုပ်ဆောင်နေပြီး အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တဲ့ (၃) နှစ်တာအတွင်း လူပေါင်း ၄,၄၅၀ ကို သတ်ဖြတ်ခဲ့တယ်လို့ အာဏာသိမ်းကြိုးပမ်းမှု ၃ နှစ်ပြည့်မှာ အရပ်ဘက်အဖွဲ့အစည်း ၄၆၂ ဖွဲ့က ကုလသမဂ္ဂ လုံခြုံရေးကော်စီထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာအတွင်း ထည့်သွင်းဖေါ်ပြထားပါတယ်။ ဒီ ၃ နှစ်တာအတွင်း စစ်ကောင်စီက လူပေါင်း ၂၅,၉၀၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီအထဲက လူပေါင်း ၁၉,၉၀၀ ကျော်ကို ဆက်လက် အကျဉ်းကျထားစဲဖြစ်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖေါ်ပြထားပါတယ်။ စစ်အာဏာသိမ်းမှု ၃ နှစ် အတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စစ်ကောင်စီကြောင့် သေဆုံးရတဲ့ အရပ်သားပြည်သူ (၄၄၇၄ ) ဦးသေဆုံးခဲ့ပြီး ဖမ်းဆီးခံသူ ( ၂၅၉၃၁ ) ဦးနဲ့ ဖမ်းဆီးခံထားရစဲ (၁၉၉၉၃) ဦးရှိတယ်လို့ AAPP က အချက်အလက်စုစောင်းပြီးထုတ်ပြန်ထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းရခြင်းအပေါ် စစ်ကောင်စီရဲ့ အကြောင်းပြချက်ထဲမှာ အကြမ်းဖက်သောင်းကျန်သူများနဲ့ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်သူများရဲ့ စစ်ဘုရင်ဝါဒကျင့်သုံးမှုကို ပြည်သူတရပ်လုံးက တိုက်ဖျက်ဖို့ လိုအပ်တာကြောင့်ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ နိုင်ငံချစ်စိတ်ရှိသူတွေက ဒေသကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းပေးဖို့ တောင်းဆိုတာကြောင့် ဖြစ်တယ်ဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းပြီးနောက်၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုကို တနိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းမဖက်ဆန္ဒပြတဲ့နည်းနဲ့ စတင်ခဲ့ကြတာဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အကြမ်းမဖက်ဆန္ဒပြပွဲတွေကို စစ်တပ်က ကျည်အစစ်များအသုံးပြုပြီး အကြမ်းဖက်ဖြိုခွဲမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အာဏာသိမ်းပြီး ( ၂) လအတွင်း အနည်းဆုံး ပြည်သူ (၅၄၃) ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အတွင်းကနေ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းအထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၁၆၅၂) ကြိမ် တိုက်ခိုက်ခဲ့ပြီး အရပ်သားသေဆုံးမှု (၉၃၆) ဦး အထိရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ စစ်ကောင်စီ၏လေကြောင်းအသုံးပြုတိုက်ခိုက်မှုများ လေ့လာမှုအစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုတွေအတွင်း ဘာသာရေးအဆောက်အအုံ(၁၃၇)ခု၊ စာသင်ကျောင်း (၇၆) ခုနဲ့ ဆေးရုံ ( ၂၈) ခုပျက်စီးခဲ့တယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်အာဏာသိမ်းမှုနဲ့ မြန်မာစစ်တပ်အပေါ် ခုခံတိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေကို အကြမ်းဖက်အဖြစ် သတ်မှတ်ပြောဆိုနေပေမယ့်လည်း စစ်ကောင်စီလက်အောက်ခံတပ်တွေက အရပ်သားတွေကို တိုးမြှင့်သတ်ဖြတ်မှု၊ ကျေးရွာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှု၊ အရပ်သားပြည်သူတွေအစုအလိုက်အပြုံလိုက် သေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကျူးလွန်ထားပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ (၁) နှစ်တာအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပေါင်း (၉၀၉) ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပြီး ကလေးငယ်များအပါအဝင် အရပ်သား (၃၆၄) ဦးကျော် သေဆုံးခဲ့ရတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၄၆၂ ဖွဲ့ရဲ့ ကုလသမဂ္ဂထံ ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖေါ်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ခုခံမှုစတင်ခဲ့တာက ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ စတင်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်နဲ့ စစ်ကိုင်းဒေသကြီးအတွင်းက မြို့အချို့မှာ လက်လုပ်တူမီးများနဲ့ စတင်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ(၅)ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ့ခုခံစစ်စတင်ကြောင်းကြေညာခဲ့ပါတယ်။ ၂၀၂၁ စစ်အာဏာ သိမ်းပြီးချိန်ကနေ စပြီး ၂၀၂၃ စက်တင်ဘာလအထိ KNU နယ်မြေအတွင်း တိုက်ပွဲပေါင်း (၁၁၆၀၈) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား ကျဆုံးမှုပေါင်း (၁၀၇၄၁) ဦးအထိရှိတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှာ ကရင်အမျိုးသားအစည်းရုံး(KNU)က ပြောဆိုထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၇) ရက်နေ့မှာ မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်လာခဲ့ပြီး နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားမှုများ မြင့်တက်လာခဲ့ပါတယ်။ ၂၀၂၇ စစ်ဆင်ရေးစတင်ပြီးချိန်ကနေစပြီး ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းအထိ စစ်ကောင်စီဘက်က မြို့ပေါင်း (၄၂)မြို့ထက်မနည်းကို လက်လွှတ်ဆုံးရှုံးလိုက်ပြီး နယ်ခြားစောင့်ကင်းစခန်းများအပါအဝင်၊ တပ်စခန်းကြီးငယ်ပေါင်း (၅၀၀) ထက်မနည်းကို ဆုံးရှုံးထားရပါတယ်။စစ်ဆင်ရေးများရဲ့ သတင်းထုတ်ပြန်ချက်များနဲ့ သတင်းမီဒီယာများရဲ့ ဖေါ်ပြချက်ကို ကိုးကားချက်အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းအထိ တပ်ရင်းအလိုက်လက်နက်ချမှုအပါအဝင် လက်နက်ချ၊ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်သားအရေအတွက် (၃၈၀၀) ထက်မနည်းရှိတာကိုတွေ့ရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ရခြင်းအပေါ်မှာ စစ်ကောင်စီဘက်က ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး တည်ငြိမ်မှုရှိလာဖို့ဆိုတဲ့ အကြောင်းပြချက်တွေပေးထားပေမယ့် မြန်မာနိုင်ငံအတွင်း အများပြည်သူရဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ကို ခြိမ်းခြောက်ပိတ်ပင်ထားပြီး ဒေသတွင်း အာဆီယံအဖွဲ့အစည်းအပါအဝင်၊ ကုလသမဂ္ဂ နဲ့ နိုင်ငံတကာက တိုက်တွန်းနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လျောက်ဖို့ တိုက်တွန်းချက်တွေကို ငြင်းပယ်ထားစဲဖြစ်ပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားမှုများမြင့်တက်လာပြီး စစ်ကောင်စီဘက်က နယ်မြေလက်လွှတ်ဆုံးရှုံးရမှုများအပါအဝင်၊ တပ်ရင်းအလိုက်လက်နက်ချမှုများ၊ ဖမ်းဆီးခံရမှုများနဲ့ တပ်သားဆုံးရှုံးမှုအခြေအနေများကြုံတွေ့နေရပါတယ်။ စစ်ကောင်စီအနေနဲ့ တပ်သား အင်အားလျော့နည်းလာမှုများနဲ့ စစ်တပ်အတွင်း စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြိုဆင်းလာမှု၊ စစ်တပ်ထောက်ခံတဲ့အင်အားစုများရဲ့ ဝေဖန်မှုများ များပြားလာခြင်းကြောင့် စစ်မှုမထမ်းမနေရ ဥပဒေကို အကောင်ထည်ဖေါ်ဖို့ လုပ်ဆောင်လာခြင်း ဖြစ်ကြောင်း အချက်အလက်တွေက ဖေါ်ပြနေပါတယ်။

XS
SM
MD
LG