သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အောက်လွှတ်တော်ဥက္ကဋ္ဌဖယ်ရှားရေး လွှတ်တော်မဲခွဲဆုံးဖြတ်မည်


အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် (ဗဟို)
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင် (ဗဟို)

အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းခေါင်းဆောင်ရာထူးတခုဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌနေရာကနေ မိုက်ဂျွန်ဆင်ကိုဖယ်ရှားဖို့ ရှေ့သီတင်းပတ်ထဲမှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။

လက်ယာစွန်းအမတ် မာဂျရီ တေလာ ဂရင်း (Marjorie Taylor Greene) က မိုက်ဂျွန်ဆင်ကို ရာထူးကနေဖြုတ်ချဖို့ အဆိုတင်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်ကို ပြန်လည် ကြီးကျယ်ခမ်းနားစေဖို့ Make America Great Again (MAGA) ဆိုပြီးလုပ်ခဲ့တဲ့လှုပ်ရှားမှုကို မိုက်ဂျွန်ဆင်ကသစ္စာဖောက်ခဲ့ကြောင်း ဂရင်းက ပြောပြီး ရာထူးမှနုတ်ထွက်ပေးဖို့ ဂျွန်ဆင်ကိုတောင်းဆိုခဲ့ပါတယ်။ ရာထူးက မနုတ်ထွက်ရင် ဂျွန်ဆင်ကိုဖယ်ရှားဖို့ မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုမယ်လို့ ဆိုပါတယ်။

အစိုးရအသုံးစရိတ်ရန်ပုံငွေကို ခွင့်ပြုပေးခဲ့တာ၊ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ လိင်ပြောင်းထားသူတွေကို စောင့်ရှောက်ပေးမှုအပါအဝင် ဒီမိုကရက်တစ်အမတ်တွေရဲ့ ဦးစားပေးကဏ္ဍတွေကို မိုက်ဂျွန်ဆင်ကခွင့်ပြုပေးနေတယ်လို့ ဂရင်းက စွပ်စွဲထားပါတယ်။ အရင်အပတ်က မဲခွဲဆုံးဖြတ်ခဲ့တဲ့ ဒေါ်လာ ၉၅ ဘီလီယံ တန်ဖိုးရှိ နိုင်ငံခြားအကူအညီပေးအပ်ရေး ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့ အောက်လွှတ်တော်မှာ ပြိုင်ဘက် ဒီမိုကရက်တစ်ခေါင်းဆောင်ပိုင်းဘက်က မိုက်ဂျွန်ဆင်ကို ရာထူးကမဆင်းပေးရအောင် ကာကွယ်မယ်လို့ ထုတ်ပြောထားတဲ့အပြင် အောက်လွှတ်တော်မှာ ရီပတ်ဘလစ်ကန်တွေက ဒီမိုကရက်တွေကို နေရာအနည်းငယ်ပဲ အသာရနေတာဖြစ်လို့ လက်ယာစွန်း သဘောထားတင်းမာတဲ့ ရီပတ်ဘလစ်ကန်အမတ်တချို့ရဲ့ သဘောထားက အောင်မြင်မလားဆိုတာ မသေချာသေးပါဘူး။

“ဒီအဆိုဟာ ရီပတ်ဘလစ်ကန် ညီလာခံအတွက်မှားယွင်းသလို အဖွဲ့အစည်းကြီး တခုလုံးအတွက်နဲ့ တိုင်းပြည်အတွက်လည်း မှားယွင်းချက်” လို့ အောက် လွှတ်တော်ဥက္ကဋ္ဌဂျွန်ဆင်ရဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်ထဲမှာ တုံ့ပြန်ထားပါတယ်။

ဂျွန်ဆင်ဟာ အောက်လွှတ်တော်ဥက္ကဋ္ဌရာထူးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၅ ရက်ကမှ ရယူထားသူ ဖြစ်ပါတယ်။ အဲ့တုန်းက နှစ်ဆယ့်နှစ်ရက်ကြာ နာမည် အဆိုပြုမှုတွေ ဆွေးနွေးစကားစစ်ထိုးပွဲတွေ လုပ်ခဲ့ရပြီး ထောက်ခံမဲ ၂၂၀ ကန့်ကွက်မဲ ၂၀၉ မဲနဲ့ မဲမကွာဘဲဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။ အရင် ရီပတ်ဘလင်ကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ကီဗင် မက်ကာသီ (Kevin McCarthy) ကလည်း အယုံအကြည်မရှိ အဆိုတင်သွင်းခံရပြီး ရှုံးနိမ့်သွားလို့ အမေရိကန်သမိုင်းမှာ ပထမဆုံး အကြိမ် အဖြစ် အောက်လွှတ်တော်ဥက္ကဋ္ဌရာထူးကနေ ဖယ်ရှားခံခဲ့ရဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG