သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရိုဟင်ဂျာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံကြရ


Rohingya-Rape and Death at Sea
Rohingya-Rape and Death at Sea

ဘင်္ဂလားဒေ့ရှ်စခန်းတွေကနေ ပင်လယ်ရေကြောင်းခရီးနဲ့ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီးတွေဟာ လမ်းခရီးမှာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်တာတွေ ခံခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတွေနဲ့ မျက်မြင်သက်သေတွေကိုမေးမြန်းပြီး အေပီ သတင်းဌာနက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြပါတယ်။

အမည်ဝှက် ‘N’ လို့ ပေးထားတဲ့ အသက် ၁၂ နှစ် အရွယ်အမျိုးသမီးငယ်က သူ့ကို သင်္ဘောမာလိန်မှူးနဲ့ဝန်ထမ်းတွေက အဓမ္မပြုကျင့် နှိပ်စက်ခဲ့ပြီး သူတို့ဆန္ဒကိုမနာခံရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။ သင်္ဘောမာလိန်မှူးအခန်းထဲမှာ သူ့ကို အဖွဲ့လိုက်အဓမ္မပြုကျင့်ခဲ့တာဖြစ်ပြီး တခြားအမျိုးသမီးငယ်တွေကိုလည်း အခန်းထဲကိုလာဖို့ မာလိန်မှူးက ဒေါသတကြီးနဲ့ ခေါ်ခဲ့ပြီး မလာရင် သင်္ဘောကို မှောက်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ကလှေစီးထွက်ပြေးလာသူတွေ အများအပြားရောက်နေတဲ့အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတြားကျွန်းမကြီးရဲ့ အနောက်မြောက်ဘက်စွန်း အာချေးပြည်နယ်ထဲက ယာယီစခန်းတခုမှာ အေပီသတင်းဌာနကတွေ့ဆုံမေးမြန်းထားတဲ့ အဲဒီအမျိုးသမီးငယ်ဟာ မိသားစုမပါဘဲနဲ့ ပင်လယ်ခရီးထွက်လာခဲ့တာဖြစ်ပြီး မလေးရှားကို အရောက်သွားဖို့ ရည်ရွယ်ခဲ့တာလို့ ဆိုပါတယ်။ မလေးရှားမှာ သူနဲ့ လူချင်းတခါမှမဆုံဖူးတဲ့ အမျိုးသားတဦးနဲ့လက်ထပ်ဖို့ စီစဥ်ထားတယ်လို့ပြောပါတယ်။

အာချေးပြည်နယ်ကမ်းလွန်မှာ မတ်လတုန်းက အဲဒီအမျိုးသမီးငယ်ပါလာတဲ့ လှေ သင်္ဘောတိမ်းမှောက်ခဲ့ပြီး လူ ၇၅ ဦးကို အင်ဒိုနီးရှားအာဏာပိုင်တွေနဲ့ ဒေသခံ ငါးဖမ်းသမားတွေက ကယ်တင်ခဲ့ရတာပါ။ လှေနစ်မြုပ်မှုကြောင့် အနည်းဆုံး ကလေး ၂၈ ဦး အပါအဝင် တခြားခရီးသည် ၆၇ ဦး သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ အခုအချိန်အထိ ဘာကြောင့် လှေတိမ်းမှောက်ခဲ့လဲဆိုတာ မသိရသေးပါဘူး။ အဲဒီလှေမှောက်မှုကနေ အသက်ရှင် ကျန်ရစ်သူ တခြား ခရီးသည် (၈) ဦးနဲ့ AP သတင်းဌာနက သီးခြားတွေ့ဆုံမေးမြန်းခဲ့ပြီးမှ လှေပေါ်မှာ ဘာဖြစ်ခဲ့လဲဆိုတာ သိရတာဖြစ်ပါတယ်။ အခု အေပီကို အင်တာဗျူးဖြေခဲ့တဲ့ N အမည်ဝှက်နဲ့အမျိုးသမီးငယ်တဦးပဲ လှေပေါ်မှာလိင်ပိုင်းဆိုင်ရာ အဓမ္မကျင့်ခံရသူတွေထဲက အသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ဒုက္ခသည်စခန်းတွေထဲမှာ အုပ်စုဖွဲ့အကြမ်းဖက်မှုနဲ့ ငတ်မွတ်မှု မြင့်တက်လာနေလို့ ရိုဟင်ဂျာတွေဟာ လုံခြုံတယ်လို့ယူဆတဲ့ မွတ်ဆလင်အများစုနေထိုင်ရာ မလေးရှားနိုင်ငံကို ရေလမ်းကတဆင့် အများအပြားထွက်ပြေးလာနေကြပါတယ်။ ပြီးခဲ့သောနှစ်ထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ် သုံးပုံနှစ်ပုံပါတဲ့ ရိုဟင်ဂျာ ၄,၅၀၀ တို့ဟာ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ လှေစီး ထွက်ပြေးခဲ့ကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ အဲဒီထဲမှာ ၅၆၉ ဦးက ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကူးစဉ် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ပြီး ဒါဟာ ၂၀၁၄ ခုနှစ်နောက်ပိုင်း သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG