သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအမှု အာဂျင်တီးနားတရားရုံး နိုင်ငံတကာဖမ်းဝရမ်းထုတ်နိုင်ဖို့ မျှော်လင့်


အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ Tomas Quintina နဲ့ ဗွီအိုအေ မြန်မာပိုင်း ဝိုင်းတော်သူ အင်ကြင်းနိုင် သီးသန့်မေးမြန်းခန်း။ (မေ ၈၊ ၂၀၂၄/ ဓာတ်ပုံ ဗွီအိုအေ)
အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ Tomas Quintina နဲ့ ဗွီအိုအေ မြန်မာပိုင်း ဝိုင်းတော်သူ အင်ကြင်းနိုင် သီးသန့်မေးမြန်းခန်း။ (မေ ၈၊ ၂၀၂၄/ ဓာတ်ပုံ ဗွီအိုအေ)

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက ကြားနာစစ်ဆေးနေတဲ့အမှုမှာ သက်သေအထောက်အထားတွေ ရထားပြီဖြစ်တဲ့အတွက် ဒီနှစ်အတွင်း နိုင်ငံတကာဖမ်းဝရမ်းထုတ်လိမ့်မယ်လို့ ခန့်မှန်းကြောင်း အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ Tomas Quintina က ပြောပါတယ်။
၂၀၁၉ ခုနှစ်ကတည်းက စွဲတင်ခံထားရတဲ့အမှုမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် စစ်ကောင်စီအဖွဲ့၀င် စစ်ဗိုလ်ချုပ်တွေကို အဓိက တရားခံတွေအဖြစ် စွပ်စွဲထားတာပါ။ ရိုဟင်ဂျာတွေရဲ့ အကျိုးဆောင်ရှေ့နေအဖြစ်ဆောင်ရွက်နေသူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း Mr. Quintina ကို မအင်ကြင်းနိုင်က ဗွီအိုအေ စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

ဗွီအိုအေ။ ။ Mr. Quintian က ရိုဟင်ဂျာတွေရဲ့ အကျိုးဆောင်ရှေ့နေတဦးအနေနဲ့ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ မြန်မာစစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို အခု အာဂျင်တီးနားတရားရုံးတခုမှာ ကြားနာစစ်ဆေးနေတဲ့ အမှုက ဘယ်လောက်ထိအရေးပါသလဲ၊ ပြီးတော့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ အလားအလာဘယ်လောက်ထိရှိသလဲ။

Tomas Quintina။ ။ ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် အာဂျင်တီးနားတရားရုံးက ကိုင်တွယ်နေတဲ့အမှုဟာ အလွန်အရေးကြီးပါတယ်။ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဒါမှမဟုတ် လူမျိုးတုံးသတ်ဖြတ်မှုကိုရင်ဆိုင်ခဲ့ရပြီး အသက်မသေလွတ်မြောက်လာသူတွေအနေနဲ့တရားမျှတမှုရဖို့အတွက် အာဂျင်တီးနားတရားရုံးမှာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ( universal jurisdiction) နဲ့အညီ အခွင့်အလမ်းတွေရမှာဖြစ်ပါတယ်။ ဒါကို အာဂျင်တီးနား Buenos Aires (ဗျူနိုအေးရိစ်) တရားရုံးတော်မှာ အကောင်အထည်ဖေါ်နေပါတယ်။ အခုဆိုရင် တရားရုံးကနေ အမှုကိုလက်ခံထားပြီးတော့ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ ကြားနာစစ်ဆေးနေပါတယ်။

တဘက်မှာလည်း အာဂျင်တီးနားတရားရုံးမှာ အဆင့်လိုက်ဆောင်ရွက်နေတဲ့အပိုင်းမှာ အခက်အခဲစိန်ခေါ်မှု အမြောက်အများရှိနေပေမဲ့ တရားရုံးကနေ သက်သေအထောက်အထားတွေ စတင်ရနေပါပြီ။ တကယ်တမ်းပြောရရင် Buenos Aires တရားရုံးရှေ့မှောက်မှာ ရိုဟင်ဂျာ ၇ ဦး ကိုယ်တိုင် သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို လာရောက်ထွက်ဆိုခဲ့ပြီးပါပြီ။ သူတို့ဟာ ၂၀၁၇ ခုနှစ်က လူမျိုးတုံးသတ်ဖြတ်မှုအဆင့်ထိ ရောက်ခဲ့တယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ အင်အားသုံးနယ်မြေရှင်းလင်းရေးမှာ အသက်မသေဘဲ လွတ်မြောက်လာသူတွေဖြစ်ပါတယ်။ သူတို့အပေါ်ကြားနာစစ်ဆေးမှုဟာ အလွန်အရေးကြီးတဲ့အဆင့်ဖြစ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုကနေလွတ်မြောက်လာသူတွေ ရင်ဆိုင်ခဲ့ရတဲ့ ပြင်းထန်လှတဲ့ ဖိနှိပ်မှုတွေကို အာဂျင်တီးနားတရားရုံးက ကြားနာဖို့ အခွင့်အလမ်းရခဲ့တာပါ။ ရိုဟင်ဂျာတွေအတွက်တော့ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ဆိုးရွားလှတဲ့ ဖြစ်ရပ်တွေအတွက် တရားမျှတမှုရဖို့ အခွင့်အလမ်းရရှိခဲ့တာလည်းဖြစ်ပါတယ်။

အခုဆိုရင် တရားရုံးက သူတို့ရထားတဲ့ သက်သေအထောက်အထားတွေကို ရာဇ၀တ်မှုကျူးလွန်တဲ့အမှုကို စုံစမ်းစစ်ဆေးနေတဲ့ ပုံစံအတိုင်း စစ်ဆေးနေပါတယ်။ အဲဒါပြီးရင် နောက်လာမဲ့အဆင့်ကတော့ ပြစ်မှုကျူးလွန်သူတွေကို အာဂျင်တီးနားတရားရုံးဆင့်ခေါ်မှာဖြစ်ပါတယ်။ ဖြစ်လာနိုင်တဲ့နည်းလမ်းကတော့ စွပ်စွဲခံထားရသူတွေကို ဆင့်ခေါ်ဖို့ နိုင်ငံတကာဖမ်းဝရမ်းကို အာဂျင်တီးနားတရားရုံးက ထုတ်လာနိုင်ပါတယ်။

ဒီနေရာမှာ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွပ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအဖွဲ့ကနေ အာဂျင်တီးနားတရားရုံးကို လိုအပ်တဲ့ အချက်အလက်တွေ ပံ့ပိုးပေးနေတာဟာ တကယ်ကို အရေးပါပါတယ်။ အဲဒါကြောင့်လည်း အာဂျင်တီးနားတရားရုံးမှာ အမှုနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ သက်သေအထောက်အထားတွေ ရရှိထားပါတယ်။ ဒီအမှုကိုစွဲတင်ထားတဲ့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်းရော ရိုဟင်ဂျာတွေရဲ့ အကျိုးဆောင်အဖြစ်လိုက်ပါဆောင်ရွက်နေတဲ့ ကျနော်တို့ ရှေ့နေအဖွဲ့တွေအနေနဲ့ မြင်တာက တရားရုံးကနေ နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်မယ့်အလားအလာများနေပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ ကြိုးပမ်းပြင်ဆင်နေကြပါတယ်။

ဗွီအိုအေ။ ။ ဒီအမှုကို အာဂျင်တီးနားတရားရုံးမှာ ၂၀၁၉ ခုနှစ်မှာ တင်သွင်းကတည်းက မြန်မာစစ်တပ်တုံ့ပြန်ထားတာရှိပါတယ်။ အခုတော့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီပေ့ါ။ သူတို့ပြောထားတာက နိုင်ငံတကာမှာ သူတို့ကို ဖမ်းဝရမ်းထုတ်ရင်လည်း ဂရုစိုက်မှာ မဟုတ်ဘူး။ နောက်ပြီး ဒီအမှုကို လုံးဝပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ပြောထားတာပါ။ အဲတော့ နောက်တဆင့်ကို ဘယ်လိုဆက်လုပ်နိုင်မလဲ။

Tomas Quintina။ ။ အစိုးရ ဒါမှမဟုတ် စစ်ကောင်စီအနေနဲ့ အာဂျင်တီးနားတရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားတာပါ။ ဒါပေမဲ့ အာဂျင်တီးနားတရားရုံးက နိုင်ငံတကာ ဖမ်းဝရမ်းထုတ်တဲ့အချိန် ဒါမှမဟုတ် ဖမ်းဝရမ်းထုတ်ခဲ့မယ်ဆိုရင် တရားရုံးအမိန့်ဖြစ်တဲ့ ဖမ်းဝရမ်းတွေကို ကမ္ဘာတဝှမ်းလုံးကို ပေးပို့ဖို့ ကျနော်တို့အဆိုပြုမှာပါ။ ကုလသမဂ္ဂသာမက အာဆီယံနိုင်ငံတွေ၊ အစ္စလာမ်နိုင်ငံများအဖွဲ့ချုပ်အပါအဝင် ဥရောပသမဂ္ဂနဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ မြန်မာနိုင်ငံက လူတဦးချင်းစီအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံတွေကို ဒီဖမ်းဝရမ်းတွေကို ပေးပို့သွားဖို့ တောင်းဆိုမှာဖြစ်ပါတယ်။

အဲတော့ တဆင့်ပြီးတဆင့်သွားရမှာဖြစ်သလို ပထမအဆင့်ကတော့ နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ဖို့ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ညှင်းပမ်းမှုခံနေရတဲ့ ရိုဟင်ဂျာတွေနဲ့ အခြားမြန်မာနိုင်ငံသားတွေကို ပေးတဲ့သတင်းစကားဖြစ်ပါတယ်။ ဒါကတော့ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မေ့မထားတဲ့အပြင် တရားမျှတမှုရဖို့ နည်းလမ်းအားလုံးကို အစွမ်းကုန်အသုံးပြုသွားမယ်ဆိုတာပဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG