သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

California တက္ကသိုလ်က ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့ ဖယ်ရှား


California တက္ကသိုလ်က ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့ ဖယ်ရှားဖမ်းဆီးနေစဉ် (မေ ၂၊ ၂၀၂၄)
California တက္ကသိုလ်က ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့ ဖယ်ရှားဖမ်းဆီးနေစဉ် (မေ ၂၊ ၂၀၂၄)

အမေရိကန်ပြည်ထောင်စုတဝန်း တက္ကသိုလ်ကျောင်းဝန်းတွေထဲမှာ အစ္စရေးစစ်ပွဲ အဆုံးသတ်ရေးဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားနေတာမှာ ကြာသပတေးနေ့ မနက်အစောပိုင်းကတော့ Los Angeles က California တက္ကသိုလ်မှာ ဆန္ဒပြသူတွေ တားဆီးထားတဲ့ အတားအဆီးတွေကို ရဲတွေ စတင်ဖယ်ရှားခဲ့ပါတယ်။ ရဲတွေက မီးတောက်ထွက်တဲ့ အချက်ပြသေနတ်တွေ မိုးပေါ်ပစ်ဖေါက်ခဲ့သလို ယာယီတဲတွေကို အတင်းဖယ်ရှားခဲ့ပါတယ်။ ဆန္ဒပြသူ တချို့ဖမ်းဆီးခံရတယ်လို့ ဥပဒေကျောင်းသားတယောက်က ပြောပါတယ်။

မီးရှုးမီးပန်းတွေနဲ့ တူပြီး လူတွေကြောက်အောင် ပစ်ဖောက်တယ်လို့ ထင်တယ်လို့ ဥပဒေကျောင်းသား Taylor Gee ကပြောပါတယ်။ လူတွေကို ထိမှန်ခြင်း မရှိပေမဲ့ အင်မတန်လင်းပြီး အသံကျယ်လွန်းကြောင်းနဲ့ စတည်းချ ဆန္ဒပြနေသူတွေကို တခြားဘက်ရောက်အောင်လုပ်ခဲ့သလို ကျောင်းသားတချို့ ဖမ်းခံရတာလည်း သူတွေ့တဲ့အကြောင်း သူကပြောပါတယ်။

California တက္ကသိုလ်က ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့ ဖယ်ရှားဖမ်းဆီးနေစဉ် (မေ ၂၊ ၂၀၂၄)
California တက္ကသိုလ်က ဂါဇာစစ်ဆန့်ကျင်ရေး ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့ ဖယ်ရှားဖမ်းဆီးနေစဉ် (မေ ၂၊ ၂၀၂၄)

ကျောင်းဝန်းထဲမှာ စခန်းချဆန္ဒပြသူတွေ လူစုမခွဲရင် ဖမ်းဆီးမယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက လော်စပီကာတွေနဲ့ နာရီနဲ့ကြာအောင် အော်ဟစ် ခြိမ်းခြောက်ခဲ့ပြီးနောက် ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ UCLA ကျောင်းဝန်းထဲမှာ ဆန္ဒပြ ကျောင်းသားတွေ အတားအဆီးတွေကာပြီး စတည်းချဆန္ဒပြနေကြတဲ့ နေရာမှာရော အပြင်မှာပါ ရာနဲ့ချီတဲ့ ထောက်ခံသူတွေ လာရောက် ပါဝင်အားဖြည့်ဆန္ဒပြနေကြပါတယ်။ ပါလက်စတိုင်းစစ်ပွဲရပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အစ္စရေးလိုလားတဲ့ တန်ပြန်ဆန္ဒပြသူတွေက အင်္ဂါနေ့ညက တိုက်ခိုက်ခဲ့လို့ ၂ နာရီလောက်ကြာအောင် ရန်ပွဲ ပဋိပက္ခတွေဖြစ်ပွားခဲ့ပါတယ်။ အုပ်စု ၂ ခုကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတွေဖြစ်နေတာကို UCLA တက္ကသိုလ် အာဏာပိုင်တွေနဲ့ တက္ကသိုလ်လုံခြုံရေးရဲတွေက ချက်ချင်းရဲ မခေါ်ခဲ့တဲ့အပေါ် မွတ်ဆလင်ကျောင်းသားတွေအပြင် California ပြည်နယ်အုပ်ချုပ်ရေးမှုး Gavin Newsom ကပါ ဝေဖန်အပြစ်တင်ခဲ့ပါတယ်။

UCLA အပါအဝင် အမေရိကန်က ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ ကျောင်းသားတွေ တဲထိုး စတည်းချဆန္ဒပြမှုတွေ ကျယ်ပြန့်လာနေသလို တချို့ကျောင်းတွေမှာ ကျောင်းအာဏာပိုင်တွေက ရဲခေါ် ရှင်လင်းမှုတွေ လုပ်နေပါတယ်။ အခုလို တက္ကသိုလ်တွေမှာ ဆန္ဒပြမှုတွေ စတင်ခဲ့တဲ့ New York မြို့က Columbia တက္ကသိုလ်ဝန်းထဲကို အင်္ဂါနေ့ညက ရဲက အတင်းဝင်ရောက် ဖယ်ရှားတဲ့အပေါ် ကျောင်းသားတွေနဲ့ ပါမောက္ခတချို့ကပါ အပြစ်တင်ခဲ့ပါတယ်။ Massachusett က MIT နည်းပညာတက္ကသိုလ်မှာတော့ ကျောင်းအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုတွေ မပြေလည်တာကြောင့် စတည်းချဆန္ဒပြမှုတွေ တိုးလုပ်သွားမယ်လို့ ပါလက်စတိုင်းလိုလားတဲ့ ကျောင်းသားတွေက ပြောကြားထားကြပါတယ်။ ကျောင်းသားတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အရ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာကို လက်ခံပေမဲ့ အဆောက်အဦတွေထဲ ဝင်ရောက် သိမ်းပိုက်၊ အကြမ်းဖက် ဆန္ဒပြတာမျိုး လက်မခံဘူးလို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG