သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် ဟွန်ဆန်တောင်းဆိုမှု စစ်ကောင်စီငြင်းဆန်


ကမ္ဘောဒီးယားဝန်ကြီးချုပ်(ဟောင်း) ဟွန်ဆန် နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အွန်လိုင်းကနေ ဆွေးနွေးကြစဥ်။ (ဇန်နဝါရီ ၂၆၊ ၂၀၂၂/AFP)
ကမ္ဘောဒီးယားဝန်ကြီးချုပ်(ဟောင်း) ဟွန်ဆန် နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အွန်လိုင်းကနေ ဆွေးနွေးကြစဥ်။ (ဇန်နဝါရီ ၂၆၊ ၂၀၂၂/AFP)

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ထိန်းသိမ်းခံထားရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က တောင်းဆိုခဲ့တာကို မြန်မာစစ်ကောင်စီက မေလ ၈ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ငြင်းဆိုခဲ့ပါတယ်။

“ရှေ့လုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့အနေနဲ့ကတော့ နှောင့်နှေးစေနိုင်တဲ့ မလိုအပ်ဘူးလို့ ယူဆတယ်ဆိုရင်တော့ လတ်တလောမှာ ဆောင်ရွက်ပေးနိုင်စရာ အကြောင်းတော့မရှိသေးပါဘူး” လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေရဲ့မေမြန်းချက်ကို Viber ကတဆင့် အသံဖိုင်နဲ့ မီဒီယာတွေကို သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီအနေနဲ့ ပါတီစုံဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကို အာမခံထားပြီး ဖြစ်လို့ ကတိပြုထားတဲ့အတိုင်း ရွေးကောက်ပွဲကို “မဖြစ်မနေ” လုပ်ဆောင်မယ်လို့ ပြောပေမဲ့ အသေးစိတ်ကိုမထုတ်ပြန်ပါဘူး။ ရှေ့လုပ်ငန်းစဥ် ၅ ရပ်ရှိပြီး အဲဒီအတိုင်း ဆောင်ရွက်သွားမှာဖြစ်ကာ နှောင့်နှေးစေတဲ့ကိစ္စရပ်တွေကို ရှောင်ရှားသွားမယ်လို့ပဲ ဆိုပါတယ်။

အင်္ဂါနေ့တုန်းက ဟွန်ဆန်က အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အွန်လိုင်းကနေတွေ့ဆုံခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့် တောင်းဆိုခဲ့တာပါ။ ဆယ်စုနှစ် ၄ ခုနီးပါး ကမ္ဘောဒီးယားမှာ အာဏာရယူခဲ့တဲ့ဟွန်ဆန်ဟာ မနှစ်က သားဖြစ်သူဟွန်မာနက်ကို ဝန်ကြီးချုပ်ရာထူးလက်လွှဲပေးခဲ့ပြီ လက်ရှိ အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆက်ရှိနေပါတယ်။ စစ်ကောင်စီပြောခွင့်ရရဲ့ထုတ်ပြန်ချက်ထဲမှာတော့ ဟွန်ဆန်နဲ့ အာဏာသိမ်းခေါင်းဆောင်တို့ဟာ နှစ်နိုင်ငံချစ်ကြည်ရေး၊ အာဆီယံဒေသအရေး၊ ရွေးကောက်ပွဲကိစ္စတွေဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
ကမ္ဘောဒီးယားမှာ မကြာသေးခင်တုန်းက ရွေးကောက်ပွဲကျင်းပခဲ့တာဖြစ်လို့ စစ်ကောင်စီကကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လေ့လာတာ၊ အကြံပြုတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ မြန်မာနိုင်ငံတဝန်းနယ်မြေစိုးမိုးနိုင်မှု အားနည်းလာတဲ့အပြင် တိုင်းရင်းသားအဖွဲ့တွေ၊ စစ်အာဏာသိမ်းဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးအရှိန်မြင့်နေလို့ လက်တွေ့မှာ ရွေးကောက်ပွဲအကောင်အထည်ဖော်ဖို့ နှောင့်နှေးနေဦးမှာ ဖြစ်တယ်လို့ နိုင်ငံတကာက ကျွမ်းကျင်သူတွေက ထောက်ပြနေကြချိန်မှာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ ဆက်လက် အဆက်ဖြတ်ထားပြီး ရွေးကောက်ပွဲကို ဖြစ်အောင်ဆက်လုပ်မယ့်သဘော ထပ်မံ ပြောလာတာပါ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မတ်လတုန်းက ပြောဆိုချက်တခုမှာလည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဖြစ်ချင်မှဖြစ်မယ့် အကြောင်း ဝန်ခံခဲ့ဖူးပါတယ်။

အသက် ၇၈ နှစ် ရှိပြီ ဖြစ်တဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက စစ်တပ်က ဖမ်းထားပြီး တရားရုံးထုတ် တာကလွဲလို့ လူမြင်ကွင်းမှာ ထုတ်မပြသလို နိုင်ငံတကာရဲ့ တွေ့ခွင့်တောင်းဆိုချက်တွေကိုလည်း စစ်ကောင်စီက အမြဲ ငြင်းခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရွေးကောက်ခံ အမတ်တွေ၊ မဟာမိတ် အင်အားစုတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ကောင်စီက ကျင်းပမယ်လို့ ပြောနေတဲ့ ရွေးကောက်ပွဲကို လက်မခံသလို ဝင်ရောက်ယှဉ်ပြိုင်မဲ့နိုင်ငံရေးပါတီတွေကိုလည်း အရေးယူမယ်လို့ မတ်လတုန်းက ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG