သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ အမေရိကန် ပြိုင်ဘက်နိုင်ငံတွေဖြစ်စရာမလို (တရုတ်သမ္မတ)


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဘေဂျင်းမြို့မှာတွေ့ဆုံ (ဧပြီ ၂၆၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဘေဂျင်းမြို့မှာတွေ့ဆုံ (ဧပြီ ၂၆၊ ၂၀၂၄)

ကမ္ဘာ့စီးပွား အင်အားအကြီးဆုံး နိုင်ငံကြီး ၂ ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးမှာ သဘောထား ကွဲလွဲတာတွေရှိပေမဲ့လို့ နှစ်နိုင်ငံ ပြိုင်ဘက်တွေ ဖြစ်စရာမလိုဘဲ လက်တွဲဖက်နိုင်ငံတွေသာ ဖြစ်သင့်တယ်လို့ တရုတ်သမ္မတ Xi Jinping က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဘေဂျင်းမြို့တော်ကို ရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကို ဒီကနေ့ Great Hall ပြည်သူ့ခန်းမကြီးမှာ တွေ့ဆုံချိန် ပြောသွားတာပါ။ နှစ်နိုင်ငံဆက်ဆံရေး ပိုမို ကောင်းမွန်လာဖို့ အမေရိကန်ကလည်း လိုလားကြောင်းကိုတော့ နိုင်ငံခြားရေးဝန်ကြီး Blinken က ခုလို ပြောဆိုသွားပါတယ်။

"နှစ်ဘက် ဆက်သွယ်ပြောဆိုမှု လမ်းကြောင်း ဆက်လက် ထားရှိပြီး ဆက်ဆံရေး ပိုမို ခိုင်မာအောင် တည်ဆောက်သွားဖို့ ကျနော်တို့ စိတ်ပိုင်းဖြတ် ထားပါတယ်။ သဘောထား ကွဲလွဲမှုတွေကို တာဝန်သိစိတ်နဲ့ ကိုင်တွယ် ဖြေရှင်းနိုင်မယ်ဆိုရင် တဘက်နဲ့တဘက် နားလည်မှုလွဲ၊ အထင်အမြင် လွဲပြီး မှားယွင်းတွက်ဆ တာတွေကို ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။” − လို့ ဝန်ကြီး Blinken က ပြောသွားတာပါ။

ဝန်ကြီး ဘလင်ကန်ဟာ မနေ့ ကြာသပတေးနေ့က ဘေဂျင်းမြို့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဒီကနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင် အပြင် နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ယူကရိန်းကို ရုရှား ကျုးကျော်စစ်မှာ တရုတ်နိုင်ငံရဲ့ ရုရှားဘက်က ရပ်တည်ချက်ကြောင့် သဘောထား ကွဲလွဲမှု အပါအဝင် ကုန်သွယ်ရေး၊ ကာကွယ်ရေးနဲ့ နှစ်နိုင်ငံဆက်ဆံရေး ရှုပ်ထွေး နက်နဲတဲ့ အကြောင်းအရာ ပေါင်းစုံ ရှိနေချိန်မှာ ဝန်ကြီး Blinken တရုတ်နိုင်ငံကို သွားရောက်တာပါ။ ထိုင်ဝမ်ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံ ကူညီတာ၊ တရုတ် TikTok App ကို ပိတ်ပင်ဖို့ ကြိုးစားတာတွေ အပေါ်မှာလည်း တရုတ်နိုင်ငံဘက်က ဝေဖန် နေချိန်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းကတော့ တရုတ်သမ္မတ ရှီ နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် တို့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပတဲ့ APEC ထိပ်သီး စည်းဝေးမှာ တွေ့ဆုံခဲ့ကြသလို၊ အဲ့ဒီ တွေ့ဆုံမှုနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ အပြုသဘောဆောင် တိုးတက်မှုတွေ ရှိခဲ့တယ်လို့ သမ္မတ ရှီက ပြောဆိုခဲ့တဲ့အကြောင်း တရုတ် CCTV သတင်းက ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG