သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းတပ်၊ ဝမ္မသူး တိုက်နယ်ဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှု ၄ ဦး သေဆုံး


မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဧပြီ ၂၆၊ ၂၀၂၄)
မင်းတပ်မြို့နယ် ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံခဲ့ရ (ဧပြီ ၂၆၊ ၂၀၂၄)

မင်းတပ်မြို့၊ ဝမ္မသူး ဆေးရုံကို စစ်တပ်ဘက်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ၄ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို တိုက်နယ် အမှတ် ၂ ထဲက ကျေးရွာတွေအပေါ် နောက်ထပ် ဗုံးကြဲခဲ့လို့ ၃၀ ဦးထက် မနည်း စိုးရိမ် ဒဏ်ရာရရှိခဲ့ပါတယ်။ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး အခုလို တိုက်ခိုက်တာဟာ လူ့အခွင့်ရေး ချိုးဖောက်တာလို့ ဒေသတွင်းမှာရှိတဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၂ က ဝမ္မသူး ဆေးရုံကို ဧပြီ ၂၅ ရက်၊ မနေ့ည ၈ နာရီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာ ၄ ဦး သေဆုံးသွားတယ်လို့ CDF မင်းတပ်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟွာအွမ်က ဗွီအိုအေကို ပြောပါတယ်။

“မနေ့က လေကြောင်းတိုက်ခိုက်မှုမှာ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ လူနာ ၄ ဦး ပွဲချင်းပြီး သေဆုံးတယ်။ ၁၅ ဦးကျော် ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရရှိတယ်ပေါ့နော်၊ ဒီထက်လည်းမက ဖြစ်နိုင်တယ်။ မနေ့ညက ကျနော်တို့ ဒီ လူနာတွေကို ဆရာဝန်တွေ၊ ဆေးအဖွဲ့တွေက Save ဖြစ်တဲ့ (လုံခြုံတဲ့) နေရာမှာ ဆေးကုသမှုတွေ ဆက်လက် လုပ်ပေးနေတယ်ဆိုတော့ အရေအတွက်ကတော့ ဒီထက်မက များနိုင်တယ်ပေါ့နော်။ ပထမ ကျနော်တို့ အတည်ပြုထားနိုင်တာက ၁၅ ဦး ကျော်ကျော်လောက် ဒဏ်ရာရထားတယ်ပေါ့၊ ဟုတ်ကဲ့။”

ဒီတိုက်ခိုက်မှုကြောင့် ဆေးရုံနဲ့ ဝန်ထမ်းအိမ်ယာတွေလည်း မီးလောင် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၂၆ ရက်၊ ဒီကနေ့မနက်ပိုင်းမှာလည်း တိုက်နယ် အမှတ် ၂ ထဲက ကျေးရွာ ၂ ရွာအပေါ်ကို လေကြောင်းကနေ နောက်ထပ် ဗုံးကြဲ တိုက်ခိုက်တာတွေ လုပ်ခဲ့တာကြောင့် ထိခိုက် ဒဏ်ရာရသူဦးရေ ထပ်တိုးလာနိုင်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်ခံရချိန်မှာ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ကာကွယ်ရေး တပ်ဖွဲ့တွေကပြောပြီး စစ်ကောင်စီဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

လက်ရှိအချိန် ဝမ္မသူး ကျေးရွာက ပြည်သူတွေဟာ ဘေးလွတ်ရာ တောတောင်တွေထဲမှာ တိမ်းရှောင်နေရပါတယ်။ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားပြီး အခုလို တိုက်ခိုက်တာဟာ လူ့အခွင့်ရေးချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ CDF မင်းတပ်အဖွဲ့က တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ မင်းတပ် ဝမ္မတူး ကျေးရွာမှာရှိတဲ့ တရွာလုံးကတော့ ပြည်သူတွေဟာ လေကြောင်း အန္တရာယ်ကြောင့်ပေါ့လေ ဘေးလွတ်နိုင်မယ်လို့ ယူဆရတဲ့ တောတောင်တွေထဲကို တိမ်းရှောင်ရပြီးတော့မှ အခက်အခဲအများကြီး ရှိပါတယ်။ စကစ ကတော့ သိထားတဲ့အတိုင်းပဲ အင်တာနက် အပါအဝင် ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတာဟာ ကြာပြီဆိုတော့ ကျွန်တော်တို့ရဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကို ပြင်ပ ကမ္ဘာနဲ့ အခြားသူတွေမသိနိုင်အောင် လူ့အခွင့်အရေး ချိုးဖောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။”

ဝမ္မသူးဆေးရုံဟာ အရင်ကလည်း လေကြောင်းကနေ တိုက်ခိုက်ခံရဖူးပြီး ပြန်လည် ပြုပြင်တည်ဆောက်ထားတာ ဖြစ်သလို ဆေးရုံမှာ မင်းတပ်မြို့က ပြည်သူတွေအပြင် မကွေးတိုင်း ကျောက်ထု ၊ ဆော ၊ ထီးလင်း စတဲ့ မြို့နယ်က ပြည်သူတွေပါ လာရောက် ဆေးကုသတဲ့ ဆေးရုံတရုံလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG