သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားစစ်တပ်အတွက် တပ်သားစုဆောင်းပေးသူအဖြစ် မသင်္ကာသူ ၄ ဦး အိန္ဒိယဖမ်းဆီး 


စစ်ရေးပြပွဲ အစမ်းလေ့ကျင့်မှုတခုမှာ တွေ့ရတဲ့ ရုရှားစစ်သားများ (မေ ၉၊ ၂၀၂၂)
စစ်ရေးပြပွဲ အစမ်းလေ့ကျင့်မှုတခုမှာ တွေ့ရတဲ့ ရုရှားစစ်သားများ (မေ ၉၊ ၂၀၂၂)

ယူကရိန်းမှာ ရုရှားစစ်တပ်ဘက်က ဝင်ကူတိုက်ဖို့ လူစုဆောင်းပေးသူ ၄ ဦးကို လူမှောင်ခိုကူးမှုနဲ့ အိန္ဒိယ အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ ၂ နှစ်ကြာလာပြီဖြစ်တဲ့ ယူကရိန်းကျူးကျော်စစ်အတွင်း ရုရှားတပ်ဖွဲ့ဝင် သောင်းနဲ့ချီ သေဆုံးပြီးနောက် ရုရှားအစိုးရဟာ ကမ္ဘာတဝန်း သူတို့ဘက်က ကူတိုက်ပေးမယ့်သူတွေကို လိုက်လံ စုဆောင်းနေတာပါ။

ဒီစစ်ပွဲတွေအတွင်း အိန္ဒိယတပ်ဖွဲ့ဝင် ၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ စုဆောင်းသိမ်းသွင်းခံရသူတွေက AFP ကို ပြောကြားခဲ့ပါတယ်။ သူတို့အနေနဲ့ လစာကောင်းကောင်းရမှာဖြစ်သလို ရုရှား နိုင်ငံကူးလက်မှတ်လည်း ကိုင်ဆောင်ခွင့်ရမယ်လို့ လိမ်ညာပြောဆိုပြီး ရှေ့တန်းကို စေလွှတ်ခဲ့တာလို့လည်း ဆိုပါတယ်။

အိန္ဒိယ ဗဟိုထောက်လှမ်းရေးဗျူရို CBI က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖမ်းဆီးခံရသူတွေထဲက တဦးဟာ အိန္ဒိယစစ်သားတွေကို စုဆောင်းပေးနေတဲ့ ကွန်ယက်အတွက် စကားပြန်အဖြစ် အလုပ် လုပ်ကိုင်သူ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။ အခုအခါမှာ နိုင်ငံတကာ လူမှောင်ခိုကူးတဲ့ ကွန်ယက်နဲ့ ဆက်စပ်သူတွေကို စစ်ဆေးနေတယ်လို့လည်း ဆိုပါတယ်။ အိန္ဒိယနိုင်ငံအတွင်း နေရာပေါင်း ၁၃ ခုကို ဝင်ရောက်စီးနင်းပြီးနောက် လူအများအပြားကို စစ်ဆေးပြီး ၂ လအကြာမှာ အခုလို လူ ၄ ဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။

အိန္ဒိယ နိုင်ငံသားတွေ ရုရှားကို ပို့ဆောင်တာ ၃၅ ကြိမ်ထက်မနည်း ရှိခဲ့ကြောင်းလည်း CBI က ပြောပါတယ်။ ရုရှားစစ်တပ်ထဲရောက်နေတဲ့ အိန္ဒိယနိုင်ငံသား ၂၀ လောက်ကို ပြန်ပို့ပေးဖို့ ညှိနှိုင်းနေကြောင်းလည်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားတာပါ။ သိမ်းသွင်းခံ အိန္ဒိယနိုင်ငံသားတွေဟာ ယူကရိန်းစစ်မြေပြင်မှာ ထောက်ပံ့ရေး အပိုင်းကနေပဲ တာဝန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ရုရှားစစ်တပ် တာဝန်ရှိသူတွေက ပြောဆိုပေမယ့်လည်း နောက်ပိုင်းမှာ သူတို့ကို စစ်မြေပြင်ကို မပို့ခင် လက်နက်ငယ်၊ လက်နက်ကြီး သင်တန်းတွေ တက်ခိုင်းခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ ရုရှားနိုင်ငံရဲ့ ကာလကြာရှည် မဟာမိတ်နိုင်ငံဖြစ်ပြီး ယူကရိန်းအရေးမှာလည်း ရုရှားအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG