သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဦးဆောင်မှု အခန်းကဏ္ဍမှာ အမေရိကန် တရုတ်ထက်သာ (Gallup)


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဘေဂျင်းမြို့မှာတွေ့ဆုံ (ဧပြီ ၂၆၊ ၂၀၂၄)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဘေဂျင်းမြို့မှာတွေ့ဆုံ (ဧပြီ ၂၆၊ ၂၀၂၄)

တကမ္ဘာလုံးအတိုင်းအတာနဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုကို တရုတ်ရဲ့ ဦးဆောင်မှုထက်ပိုပြီးလက်ခံကြတဲ့အကြောင်း တနင်္လာနေ့မှာထုတ်ပြန်တဲ့ Gallup စစ်တမ်းကဖော်ပြပါတယ်။ အမေရိကန် ဦးဆောင်မှုကို နိုင်ငံတော်တော်များများ ထောက်ခံပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ဒီအင်အားကြီးနှစ်နိုင်ငံလုံးကို ထောက်ခံမှုကျဆင်းသွားတယ်လို့ စစ်တမ်းကဖော်ပြတာပါ။ ၂၀၂၃ ခုနှစ် စစ်တမ်းကောက်ယူခဲ့တဲ့ နိုင်ငံပေါင်း ၁၃၃ နိုင်ငံထဲက ၈၁ နိုင်ငံက အမေရိကန်ဦးဆောင်မှုကို လက်ခံပြီး ၅၂ နိုင်ငံက တရုတ်ကိုထောက်ခံတာပါ။

နိုင်ငံတစ်နိုင်ငံရဲ့ ဩဇာလွှမ်းမိုးနိုင်မှုက သူ့ဦးဆောင်မှုကို ဘယ်လောက်ထောက်ခံသလဲဆိုတဲ့ အပေါ်မှာမူတည်နေတယ်လို့လည်း စစ်တမ်းကထောက်ပြပါတယ်။ အမေရိကန်နဲ့ တရုတ်ရဲ့ ဦးဆောင်မှုကို တကမ္ဘာလုံးက ထောက်ခံမှုကျဆင်းနေတယ်ဆိုပေမဲ့ နှစ်နိုင်ငံလုံးက ကမ္ဘာ့နိုင်ငံတချို့မှာ ရေရှည်အကျိုးစီးပွါးရှိခဲ့တာကိုလည်း ထောက်ပြထားပါတယ်။ တရုတ်နိုင်ငံက တန်ဇန်းနီးယား၊ ယူဂန်ဒါ၊ တောင်အာဖရိက၊ မာလဝီစတဲ့ အာဖရိကနိုင်ငံတွေမှာ အကျိုးအမြတ်တွေဖြစ်ထွန်းခဲ့သလို အမေရိကန်ကလည်းအာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ ဖိလစ်ပိုင်၊ တောင်ကိုရီးယားနဲ့ဗီယက်နမ်နိုင်ငံတွေမှာ အကျိုးစီးပွါးရခဲ့တဲ့အကြောင်း ဖော်ပြထားတာပါ။

တရုတ်ရဲ့ ဒေသတွင်းရန်လိုတဲ့ လုပ်ရပ်တွေက အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုကို ပိုထောက်ခံဖို့ တွန်းပို့နေသလိုဖြစ်နေတဲ့အကြောင်းလည်း စစ်တမ်းကဖော်ပြပါတယ်။ နှစ်ပေါင်း ၂၀ နီးပါးကြာ Gallup စစ်တမ်း အချက်အလက်တွေအရ တကမ္ဘာလုံးမှာ ရီပတ်ဗလစ်ကန် ဦးဆောင်မှုထက် ဒီမိုကရက်တစ် ဦးဆောင်မှုကို ထောက်ခံမှုပိုများတယ်လို့လည်း ဒီကနေ့ ထုတ်ပြန်တဲ့ စစ်တမ်းမှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG