သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီမှာ စစ်ကောင်စီတပ်အင်အားတိုးလာ၊ တိုက်ပွဲပြန်ဖြစ်


မြဝတီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးနေရ (ဧပြီ ၂၆၊ ၂၀၂၄)
မြဝတီတိုက်ပွဲတွေကြောင့် ဒေသခံတွေ ထပ်မံထွက်ပြေးနေရ (ဧပြီ ၂၆၊ ၂၀၂၄)

ကရင်ပြည်နယ်၊ မြ၀တီ ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေအကြား မနေ့ ဧပြီလ ၂၅ ရက်ညက တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ဘေးရှောင် ပြည်သူတွေဟာ နယ်ခြား သောင်ရင်းမြစ်အနီးကို ထွက်ပြေး လာကြရပါတယ်။ မြ၀တီမြို့မှာလည်း ဘယ်လမ်းကြောင်းကဝင်လာမှန်းမသိတဲ့ လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်သားအင်အား ထောင်ဂဏန်းနီးနီးလောက် ပြန်ရောက်လာကြတယ်လို့ဆိုပါတယ်။ ဒီအကြောင်း VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေအကြား မြဝတီမြို့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ကောင်စီက မနေ့ ကြာသပတေးနေ့ညက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။ ဒီအတွက် မဲဆောက်က ပြန်ကြတဲ့ ဒုက္ခသည်တွေကော၊ ဖလူးလေး မင်းလက်ပံက ရွာသားတွေကော သောင်ရင်းမြစ်အနီးကို ထပ်ပြီး ထွက်ပြေးလာကြတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတဦးကVOA ကို အခုလိုပြောပါတယ်။

“မနေ့ညက လေးကေ့ကော်ဘက်က စွယ်တော်ကုန်းကနေ ဖလူးလေးထိ သူတို့က လေယာဉ်နဲ့ပစ်တာကော၊ လက်နက်ကြီးနဲ့ပစ်တာကောဆို အလုံး ၁၀၀ကျော်လောက်ရှိတယ်လို့ ကျနော်တို့ စစ်ဘေးရှောင်တွေကို ဒီနေ့ သွားကူညီရင်း သိရတာပါ။ ပြီးတော့ အဲဒီ ဖလူးလေး ရွာသားတွေက စစ်ရှောင်စခန်းကို တိုးလာတယ်။ အဲဒီမှာက အရင်က စစ်ဘေးရှောင်စခန်းမှာ တထောင်ကျော်ပဲရှိတယ်။ အခုကတော့ လူဦးရေ ၂ထောင်ကျော်တောင် ရှိတယ်။ ကျန်တဲ့သူတွေကတော့ နီးစပ်ရာနေရာတွေကို ရှောင်နေကြရတယ်”

မြ၀တီမြို့ကို ပြီးခဲ့တဲ့ဧပြီလ ၁၂ရက်နေ့ကစပြီး ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး ဧပြီ ၂၂ရက်နေ့လောက်မှာ ပြန်လည်ဆုတ်ခွါသွားပြီလို့ ကြေငြာခဲ့ပေမဲ့ လတ်တလောမှာ ဘယ်သူတွေရဲ့လက်ထဲမှာ ရှိနေသလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)ဟာ နှစ်ဖက်လုံးကို အဆင်ပြေအောင် ဆက်ဆံနေပြီး လတ်တလောမှာ BGF က နေရာယူထားတာကို တွေ့ရပါတယ် ။

အခု ရက်ပိုင်းအတွင်းမှာတော့ ဘယ်လမ်းကြောင်းက ဝင်လာသလဲဆိုတာမသိရတဲ့ လက်နက်ကိုင်ထားတဲ့ စစ်ကောင်စီတပ်သားတွေ အများအပြား ပြန်ရောက်လာတယ်လို့ မြ၀တီမြို့ခံတွေက ဆိုပါတယ် ။ ဒီရက်ပိုင်းမှာပဲ မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတား (၁)ကော၊ (၂)ပါ မြန်မာဘက်က ပိတ်ထားပြီးထိုင်းဘက်က ဝင်လာသူတွေကိုပါ လက်ခံနေတာတွေ့ရပါတယ်။

စစ်ကောင်စီတပ်သားတွေ မြ၀တီမြို့က နေရာအတော်များများမှာ နေရာဝင်ယူလာတာနဲ့ပတ်သက်လို့ မြို့ခံတွေကတော့ BGF တပ်တွေက လက်နက်ပေးပြီး ကူညီနေတယ်လို့ သုံးသပ်နေကြတယ်လို့လည်း ပြောပါတယ်။

“မြ၀တီမြို့ဘက်က အခြေအနေကတော့ လိပ်ခဲတည်းလည်း အခြေအနေပါပဲ။ မြ၀တီမြို့က တချို့ဘုန်းကြီးကျောင်းတွေ စကစဘက်က တပ်သားတွေ အခု တပ်စွဲနေတာတွေ ရှိတယ်။ မြ၀တီမြို့က ဘုန်းကြီးကျောင်းတွေ၊ ဘုရားတွေ၊ တောင်ခြေတွေမှာ စကစ တပ်သားတွေ တွေ့ရတယ်၊ အတော်များတယ်။ သူတို့က စစ်ကောင်စီစစ်ကြောင်းတွေက ကော့ကရိတ် ဒေါနတောင်ခြေမှာပဲ ရှိသေးတယ်။ ဒီတော့ မြ၀တီကိုရောက်လာတဲ့ စစ်သားတွေက ဘယ်ကလာသလဲဆိုတာ မသင်္ကာစရာ ဖြစ်နေတယ်။ တချို့ကျတော့လည်း ထိုင်းဘက်ကနေ အရပ်သားအနေနဲ့ ပြန်ဝင်လာတယ်လို့ သိရတယ်။ BGF က သယ်ပေးနေလား၊ ပို့နေသလားပေါ့။ သေချာတာကတော့ သူတို့ကိုတော့ BGF က စားစရာတွေ ပို့ပေးနေတယ်။ အခုက တံတား(၁)ကော၊ တံတား(၂)ကော ပိတ်ထားတယ်။ ဒါပေမယ့် ထိုင်းဘက်က ပြန်ရင်ပေးသွားတယ်။ မြန်မာဘက်ကတော့ လာခွင့်မပြုဘူး။”

မြ၀တီမြို့က အုပ်ချုပ်ရေးအဖွဲ့တွေလည်း တိမ်းရှောင်နေကြတာကြောင့် စစ်ကောင်စီက မကြာခင် မြို့ကိုလည်ပတ်နိုင်ရေး လုပ်သွားမှာဖြစ်သလို ကုန်သွယ်ရေး စီးဆင်းမှုတွေ ပြန်လည်အသက်ဝင်ရေး၊ တိုက်ပွဲတွေကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတွေ၊ ကွန်ပြူတာစနစ်တွေကို ပြုပြင်နေတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းတွေက ပြောနေကြပါတယ်။ ဒါပေမဲ့ ပူးပေါင်းတပ်ဖွဲ့တွေကလည်း ဘယ်အချိန် ပြန်ဝင်ရောက်လာမလဲဆိုတာကို မသေချာသေးတဲ့အတွက်လည်း စိုးရိမ်စိတ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြ၀တီမြို့မှာ လူထုကတော့ ကျီးလန့်စာစားဘ၀နဲ့ နေထိုင် အိပ်စက်နေရပြီး အချိန်မတော်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ကြုံရမှာကိုလည်း စိုးရိမ်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG