သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗန်းမော်နားအထိ ရောက်လာတဲ့ ကချင်နဲ့ ပူးပေါင်းတပ်တွေကို စစ်ကောင်စီအပြင်းအထန်ခုခံနေ


ကချင်ပြည်နယ် လိုင်ဇာမြို့အနီး တနေမှာတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားများ (အောက်တိုဘာ ၁၁၊ ၂၀၁၆)
ကချင်ပြည်နယ် လိုင်ဇာမြို့အနီး တနေမှာတွေ့ရတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားများ (အောက်တိုဘာ ၁၁၊ ၂၀၁၆)

ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်လို့ တင်စားရတဲ့ ဗန်းမော် နားထိ KIA နဲ့ ပူးပေါင်းတပ်တွေ ရောက်လာနေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။ အနီးအနားက မိုးမောက်မြို့မှာ ဒီကနေ့ မနက်အစောပိုင်းက စတင်ပြီး စစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ခတ်နေပါတယ်။ KIA ဘက်ကတော့ သူတို့ တပ်တွေဟာ ဗန်းမော်မြို့အနီးထိ ရောက်နေတာကြောင့် စစ်ကောင်စီဘက် တန်ပြန် ထိုးစစ်ဆင်တာဖြစ်နိုင်ကြောင်း သုံးသပ်ထားပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးရစစ်ရေးသတင်းကို ကိုစည်သူက တင်ပြထားပါတယ်။

စစ်ကောင်စီနဲ့ KIA အကြား မိုးမောက်မြို့အနီး တလကျော်ကြာ စစ်ရေးတင်းမာနေခဲ့တဲ့နောက် ဒီကနေ့မနက် ၇နာရီလောက်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။ မိုးမောက်မြို့တွင်း ဒီမနက် တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို မြို့ခံတဦးက VOA ကို အခုလို ပြောပါတယ်။

“ မိုးမောက်က မနက်ကတည်းက စဖြစ်နေတာတော့ ဟုတ်တယ်။ ဖြစ်တာတော့ ခါနန်ဘက်မှာ ဖြစ်တာပဲ။ သူတို့က ဒီ ဈေးပိုင်းကနေ တောက်လျောက်တက်လာပြီးမှ အလင်းကောင်ရပ်ကွက်အရင်ရောက်၊ ပြီးရင် ခါနန် အစပ်အထိ သူတို့သွားတယ်။ ခါနန်အစပ်ထိသွားပြီးမှ အဲဒီမှာ ခါနန်အစပ်နားမှာ စာသင်ကျောင်းနဲ့ ဆေးရုံ၊ ဆေးရုံအရင်ရောက်တာပေါ့။ ဆေးရုံပြီးရင် စာသင်ကျောင်း ၊ အဲဒီမှာပဲ နေပြီးမှ ဟိုဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်တာ။ လေယာဉ်နဲ့လည်း ၃ခေါက် လာပစ်သွားတယ်။ အိမ်ကတော့ ၂အိမ်လောင်သွားတယ်လို့ ပြောတယ်။ အဲဒီ ကွက်သစ်ထဲကတော့ ကျောက်စခန်းကနေ စစ်ရှောင်လာတဲ့ ကလေးလေး တယောက်။ ၅နှစ်၊ ၆နှစ်လောက်ရှိမယ်ထင်တယ်။ အဲဒီ ကလေးလေးတယောက်တော့ လက်နက်ကြီးကျပြီးမှ ဆုံးသွားတာ။”

အရပ်သား သေဆုံးတဲ့သတင်းကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲကြောင့် ဒေသခံအချို့ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသလို အချို့တွေကတော့ ဗုံးခိုကျင်းတွေထဲမှာပဲ ခိုအောင်းနေရကြောင်းနဲ့ နေ့ခင်း ၁၁နာရီကျော်မှာတော့ ပစ်ခတ်သံတွေ ငြိမ်သက်ခဲ့ကြောင်း ပြောပါတယ်။ မိုးမောက်တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကလည်း အခုလို ပြောပါတယ်။

“ ဒီကနေ့ မနက်ပိုင်းကနေ စပြီးမှ ဗန်းမော်ဘက်ကနေ တက်လာတဲ့ စစ်ကြောင်းတွေနဲ့ ကျနော်တို့ မိုးမောက်နားမှာ တိုက်ပွဲတွေ ပြင်းထန်တယ်ဆိုတဲ့ သတင်းတွေ ရပါတယ်။ ဟို နားလိုင်၊ ခူးလီဘက်နေ တကြောင်းတက်တယ်လို့ ကြားရပါတယ်။ ဒီ လမ်းမကြီးပေါ်ဘက်ကလည်း တက်လာတာထင်တယ်။ အဲဒီဘက်မှာလည်း တိုက်ပွဲဖြစ်တယ်လို့ ကြားပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာမှာ ဗန်းမော်ဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ်နဲ့ ဆိုသလို ပစ်ကူတဲ့ သတင်းလည်း ရပါတယ်။ ဒါပေမဲ့ မြေပြင်သတင်း ပြည့်ပြည့်စုံစုံကတော့ အခုထက်ထိ မရသေးဘူး။”

ပြီးခဲ့တဲ့ မတ်လအတွင်းမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မိုးမောက်မြို့မြောက်ဖက် ဒါဆိုင်းနဲ့ အရှေ့ဘက်က စိန်လုံ၊ ကျောက်စခန်းနဲ့ မဒါဘွမ်က စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူခဲ့ပြီး စစ်ရေးအရ မိုးမောက်မြို့ကို ဝိုင်းပတ်ထားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်ပွားတာဟာ ဗန်းမော်မြို့ လုံခြုံရေးအတွက် စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတာ ဖြစ်နိုင်ကြောင်းလည်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ နားလိုင်၊ ခူးလီဘက်က ဒါဆိုင်း တပ်စခန်းကို သိမ်းတဲ့အချိန်ကနေ စပြီးတော့မှ ကျနော်တို့ အဲဒီဘက်မှာ နေရာယူထားတာဖြစ်ပါတယ်။ ဗန်းမော်နဲ့ တော်တော်နီးတဲ့နေရာမှာ ကျနော်တို့ တပ်ပေါင်းစုတွေပေါ့နော်။ တော်လှန်ရေးအဖွဲ့တွေ ချဉ်းကပ်လာလို့လည်း သူတို့ လုံခြုံရေးအရ အခုလိုမျိုးတွေ စစ်ဆင်ရေးတွေ လုပ်တာလည်း ဖြစ်နိုင်တာပေါ့။ ”

မိုးမောက်မြို့ဟာ ဗန်းမော်မြို့နဲ့ ၉မိုင်ခန့်အကွာမှာ ရှိတာလည်းဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဖားကန့်မြို့ တပ်မ ၃၃ဘက်မှာ စစ်ကောင်စီက ရဟတ်ယာဉ် ၂စင်းနဲ့ အင်အားဖြည့်တင်းတာ ရှိသလို ဆယ်ဇင်းဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီလ ၁၁ရက်နေ့က မြစ်ကြီးနား - မိုးကောင်း- ဖားကန့်လမ်းပေါ်က အရေးပါတဲ့ စစ်ကောင်စီရဲ့ နန့်ယားတပ်စခန်းကို သိမ်းယူခဲ့သလို အင်းတော်ကြီးဘက်က အဝင်လမ်းဖြစ်တဲ့ ဆယ်ဇင်းကိုလည်း တပတ်ကျော်ကြာ ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။ ကချင်ပြည်နယ်တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အခုချိန်ထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG