သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီးမော့ဆိုမြို့နယ်ထဲက စာသင်ကျောင်း(၂)ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှု စစ်ကောင်စီငြင်းဆန်ချက် မှန်မမှန်


ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီ ကျေးရွာနဲ့ လွိုင်နန်းဖ စာသင်ကျောင်းတွေ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ရပြီးနောက် တွေ့ရစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)
ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီ ကျေးရွာနဲ့ လွိုင်နန်းဖ စာသင်ကျောင်းတွေ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ရပြီးနောက် တွေ့ရစဉ် (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)
စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန

စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန

ဒီးမော့ဆိုမြို့တွင် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြုပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်အချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ အဆိုပါသတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ တပ်မတော်မှ ဒီမောဆိုးမြို့နယ်တွင်းသို့ လေကြောင်းပျံသန်းမှုမရှိကြောင်း သိရှိရသည်။

ဒါက မှားယွင်းနေပါတယ်။

ကရင်နီပြည်နယ် ဒီးမော့ဆို မြို့နယ်အတွင်းက စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေ သေဆုံးခဲ့ရတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘဲ ပြည်ဖျက်မီဒီယာတွေက လုပ်ကြံရေးသားတဲ့ သတင်းအမှားဖြစ်တယ်လို့ စစ်ကောင်စီပိုင် ပြန်ကြားရေးဝန်ကြီးဌာန သတင်းမှာ ဖေဖေါ်ဝါရီလ (၅) ရက်နေ့က ဖေါ်ပြပါတယ်။အဲ့ဒီသတင်းဖေါ်ပြမှုအတွင်းမှာ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်တပ်လေယာဉ်ပျံသန်းမှုမရှိကြောင်း အမည်ဖေါ်ပြမထားတဲ့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောဆိုချက်ကိုးကားပြီး ငြင်းချက်ထုတ်ထားတာတွေ့ရပါတယ်။

“ဒီးမော့ဆိုမြို့တွင် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြုပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်အချို့ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။ အဆိုပါသတင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ တပ်မတော်မှ ဒီမောဆိုးမြို့နယ်တွင်းသို့ လေကြောင်းပျံသန်းမှုမရှိကြောင်း သိရှိရသည်။” ဆိုပြီး ငြင်းချက်ထုတ်ရေးသားထားတာဖြစ်ပါတယ်။

ဒါက မှားယွင်းနေပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းက ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း (၂) ကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၅) ဦးသေဆုံးပြီး လူ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အကြောင်း သတင်းဓါတ်ပုံများအပါအဝင် မြေပြင်မှာ ရှိနေသူတွေရဲ့ ပြောဆိုချက်များကို ကိုးကားပြီး သတင်းမီဒီယာတွေက ဖေါ်ပြခဲ့ကြပါတယ်။ အဆိုပါဖြစ်ရပ်အပေါ် VOA မြန်မာပိုင်းသတင်းမှာလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ မြေပြင်မှာရှိတဲ့ ကရင်နီစစ်ဘေးကူညီရေးအဖွဲ့တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖေဖေါ်ဝါရီလ (၅) ရက်နေ့မှာ ဖေါ်ပြခဲ့ပါတယ်။

အဆိုပါ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ ( KSCC) က ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အတွင်းမှာတော့ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၅) ရက် နံနက် ( ၁၀ : ၁၅ ) အချိန်ခန့်မှာ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့၊ ဒေါဆီအီကျေးရွာနဲ့ လွိုင်နန်းဖကျေးရွာရှိ ကလေးငယ် (၂၀၀) ခန့်ရှိတဲ့ စာသင်ကျောင်း(၂) စစ်ကောင်စီက လေကြောင်းကနေ (၁၀)ကြိမ်ထက်မနည်း ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ အဆိုပါဒေသတွေမှာ တိုက်ပွဲများဖြစ်ပွားမှုမရှိသလို၊ တော်လှန်ရေးတပ်စခန်းများလည်း မရှိဘူးလို့ ထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖေါ်ပြထားပါတယ်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ်အတွင်းက စာသင်ကျောင်း (၂) ကျောင်းကို တိုက်ခိုက်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က အပြင်းအထန် ရှုတ်ချကြောင်း VOA မြန်မာပိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၅) ရက်နေ့မှာလည်း ချင်းပြည်နယ်က စာသင်ကျောင်း တကျောင်းကို စစ်ကောင်စီတပ်တွေက ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် (၈) ဦးအပါအဝင် လူပေါင်း (၁၁) ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလအတွင်းမှာလည်း စစ်ကိုင်းတိုင်းအတွင်းက ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၁၇၀) ထက်မနည်း သေဆုံးခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိမှာ နိုင်ငံတဝန်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုပေါင်း (၇၀၀)နီးပါး အထိရှိခဲ့တယ်လို့ BNI ၏ မြန်မာ့ ငြိမ်းချမ်းရေးလမ်းစဉ် လေ့လာစောင့်ကြည့်ရေးအဖွဲ့-MPM က ဖေါ်ပြထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားတွေကို စစ်ရေးပစ်မှတ် ပထမအဆင့်ထား တိုက်ခိုက်နေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအားလုံးရဲ့ (၈၀) ရာခိုင်နူန်းကျော်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်လို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ BNI -MPM ရဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကနေစပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့အထိ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅) နဲ့အထက် အစုအလိုက်အပြုံ သေဆုံးရတဲ့ ဖြစ်စဉ် (၂၃) ကြိမ်ရှိတယ်လို့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG